#Local_News
Published 21 December 2023


ယခုနှစ်လေးလတာအတွင်း ဆီစက်လုပ်ငန်းရှင်များအား သန်းပေါင်း ၁၇၀၀ ကျော် ထုတ်ချေးထားပြီးဖြစ်ကာ ဒုတိယအကြိမ် ချေးငွေအဆိုပြုလွှာအတွက် ချေးငွေစံသတ်မှတ်ချက်များနှင့် ကိုက်ညီသော ဆီစက်လုပ်ငန်းရှင်များအား အမြန်ဆုံးထုတ်ချေးပေးသွားရန် လိုအပ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၏ ပြောကြားချက်အရ သိရသည်။

 

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၅/၂၀၂၃-၂၀၂၄) ကြိမ်မြောက် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို ပထမအကြိမ် ချေးငွေအဆိုပြုလွှာခေါ်ယူပြီး Project Management Unit နှင့် PFI ဘဏ်များမှ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၂၀၂၃ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနစ်ခုတို့မှ လုပ်ငန်းရှင် ၂၁ ဦးသို့ ငွေကျပ် ၁၇၇၃ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း၊ ယခုဒုတိယအကြိမ် ချေးငွေအဆိုပြုလွှာ ခေါ်ယူပြီးဖြစ်၍ ချေးငွေစံသတ်မှတ်ချက်များနှင့် ကိုက်ညီသောလုပ်ငန်းရှင်များကို ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေများ အမြန်ဆုံးထုတ်ချေးပေးသွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

ပြည်တွင်းစားသုံးဆီဖူလုံရေးတွင် နိုင်ငံတော်မှဆီထွက်သီးနှံများ တိုးတက်ထွက်ရှိရေးကို အားပေးဆောင်ရွက်လျက်ရှိသည့်နည်းတူ ဆီစက်များအဆင့်မြှင့်တင်ရေးနှင့် ဆီစက်လုပ်ငန်းများ တိုးချဲ့နိုင်ရေးအတွက် အတိုးနှုန်းသက်သာသောချေးငွေများကို စနစ်တကျစိစစ်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

#Local_News #သန်းပေါင်း၁၇၀၀ကျော်ထုတ်ချေး #ဒုတိယအကြိမ်ချေးငွေ #YMG/ NN #Yangon_Times