#Local_News
Published 19 December 2023

လာမည့်ဇန်နဝါရီလဆန်း၌ပြုလုပ်မည့် ဟင်းသီးဟင်းရွက် သစ်သီးဝလံနှင့်ပန်းမန်ပြပွဲပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်းမန်များကို ဒီဇင်ဘာလ (၃ဝ) ရက်နောက်ဆုံးထားပေးပိုရမည်ဖြစ်ကြောင်း ရနကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

အဆိုပါ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲပြိုင်ပွဲကို ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှ (၇) ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြိုနယ်ရှိ ကန်တော်ကြီး သဘာဝဥယျာဉ် ပုလဲ/မဟာမြိုင်ကျွန်း ဆင်ဖြူတော်ရုပ်တုများနှင့် စိုက်ပျိုးရေးပြတိုက်အနီး၌ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင်ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်းမန်များကို ဒီဇင်ဘာလ (၃ဝ) ရက် နံနက် (၈) နာရီမှ ညနေ (၅) နာရီအတွင်း ပြိုင်ပွဲကျင်းပမည့်နေရာသို ပေးပိုရမည်ဖြစ်ပြီး မြေ ယာရှုခင်း (Land- scaping) ပြိုင်ပွဲကို ဒီဇင်ဘာလ (၂၉) ရက်မှ (၃၁) ရက်အထိ အပြီးပြင်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အတူ သစ်သီးအလှပုံဖော်ပြိုင်ပွဲကို ဒီဇင်ဘာလ (၃၁) ရက် ညနေ (၃) နာရီမှ (၅)နာရီအထိ၊ ပန်းအလှပြင်ဆင်ခြင်းပြိုင်ပွဲကို ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ (၁) ရက် နံနက် (၅) နာရီခွဲမှ (၇) နာရီအထိ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲ၌ သစ်သီးဝလံပြိုင်ပွဲ (တစ်လုံးချင်း)၊ သစ်သီးဝလံပြိုင်ပွဲ(ဥစား)၊ သစ်သီးဝလံပြိုင်ပွဲ(အခိုင်လိုက်)၊ သစ်သီးဝလံပြိုင်ပွဲ (အသီးပါအပင်)၊ ဟင်းသီးဟင်းရွက်ပြိုင်ပွဲ (အရွက်)၊ (အထုပ်)၊ (ဥစား)၊ (အလုံးလိုက်)၊ (အသီးပါအပင်)၊ မြေယာရှုခင်းပြိုင်ပွဲ၊ပြည်ပသစ်ခွပြိုင်ပွဲ (ကတ်တလီယာ)၊ (ဗန်ဒါ)၊ (ဒန်ဒရိုဗီယမ်)များနှင့် သစ်ခွအခြားအုပ်စုပြိုင်ပွဲ၊ ပြည်တွင်းသစ်ခွပြိုင်ပွဲများ ပါဝင်ကြောင်း သိရသည်။

 

ထို့အပြင် အရွက်အလှပင်ပြိုင်ပွဲ (Indoor)(Outdoor)၊ ရာသီပန်းပြိုင်ပွဲ၊ သက်ကြီးပုပင်ပြိုင်ပွဲ (Bonsai) (၆ လက်မအောက်)နှင့် (၆ လက်မနှင့် ၁ဝ လက်မကြား)နှင့် (၁၀ လက်မအထက်)၊ အလှပြင်ဆင်ခြင်းပြိုင်ပွဲ၊ သစ်သီးအလှပြင်ဆင်ခြင်းပြိုင်ပွဲနှင့် ပန်းအလှပင်ပြိုင်ပွဲ စသည့် ပြိုင်ပွဲအမျိုးအစားများလည်း ပါဝင်ပြီး မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

 

ရန်ကုန်မြို့တွင် ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြပွဲ ပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်မှ စတင်ကာ ၂၀၂၀ ပြည့်နှစ်အထိ နှစ်စဉ် ပြုလုပ်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် ပြပွဲပြိုင်ပွဲများကိုယာယီ ရပ်နားထားခဲ့ပြီးနောက် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ၌ ၁၉ ကြိမ်မြောက်အဖြစ်ပြန်လည်ကျင်းပခဲ့ပြီးနောက် လာမည့် ၂၀၂၄ခုနှစ်တွင် လည်းဆက်လက်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

#Local_News #သစ်သီးဝလံ #ပန်းမန်ပြပွဲပြိုင်ပွဲ #YMG/NN #Yangon_Times