Published 14 December 2023

အခုရက်ပိုင်းအတွင်း ဒေသ(၄)ခုတွင်မိုးနည်းနည်းရွာပြီး ဒေသ(၇)ခုတွင်ညအပူချိန် အနည်းငယ်လျော့မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

ဒီဇင်ဘာ(၁၅)ရက်မနက်ပိုင်းတွင်စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်သည်ဟုဆိုသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်အ‌ နေဖြင့် ဒီဇင်ဘာ(၁၅)(၁၆)ရက်များတွင်စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်း နိုင်ကြောင်းသိရသည်။

လွန်ခဲ့သော(၂၄)နာရီအတွင်းရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊  ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့သည်။ 

ညအပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ်မှ (၆)ဒီဂရီစင်တီဂရိတ်အထိပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့သည်။

 ထူးခြားသည့် ညအပူချိန်များအနေဖြင့် ဟားခါးမြို့တွင် (၃)ဒီဂရီစင်တီဂရိတ်၊ တီးတိန်မြို့တွင် (၆)ဒီဂရီစင်တီဂရိတ်နှင့် မိုင်းယန်းမြို့၊ ဖလမ်းမြို့နှင့် တွန်းဇံ မြို့တို့တွင် (၉)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ပြီး မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ လားရှိုးမြို့တွင် (၀.၆၂) လက်မ၊ ပူတာအိုမြို့တွင် (၀.၃၉)လက်မ၊ မူဆယ် မြို့တွင် (၀.၂၄)လက်မ၊ မချမ်းဘောမြို့တွင် (၀.၁၆)လက်မနှင့် ပြင်ဦးလွင်မြို့နှင့် ရမည်းသင်းမြို့တို့တွင် (၀.၁၂)လက်မစီတို့ ရှိခဲ့ကြောင်း သိရသည်။
Yangon-Times/tthl
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group