13 December 2023

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ကျောက်ပန်းတောင်းမြို့နယ်ရှိမူလတန်းလွန်ကျောင်းနှင့်အထက်တန်း ကျောင်းစုစုပေါင်း(၄)ကျောင်းကို တရုတ်နိုင်ငံမှ ပန်ကာ၊အလိုအလျောက် ကျောင်းတက်ဆင်းခေါင်းလောင်း အပါအဝင်ယဉ်ကျေးမှုနှင့်အားကစားဆိုင်ရာပစ္စည်းများ လှူဒါန်းခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မကွက်သစ်အခြေခံပညာမူလတန်း လွန်ကျောင်း စသည့် တရုတ်-မြန်မာချစ်ကြည်ရေးကျောင်း ၄ ကျောင်းသို့ နံရံကပ်ပန်ကာ၊ အလိုအလျောက် ကျောင်းတက်ဆင်းခေါင်းလောင်း၊ စားပွဲတင်တင်းနစ်စားပွဲ၊ ဘောလုံး၊ ဘော်လီဘောနှင့် ကြက်တောင်စသည့် ယဉ်ကျေးမှုနှင့်အားကစားဆိုင်ရာပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးအနေဖြင့် ဒီဇင်ဘာလ ၁၁ ရက်နေ့၌ လှူဒါန်းခဲ့သည်ဟုဆိုသည်။

၂၀၁၇ ခုနှစ် မှ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏တောင်းဆိုချက်အရ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် အထက်ပါကျောင်း ၄ ကျောင်းအတွက် စာသင်ကျောင်းဆောင်များပြုပြင်မွမ်းမံခြင်း သို့မဟုတ် အသစ်ဆောက်လုပ်ပေးခြင်း၊ သောက်သုံးရေစက်များတပ်ဆင်ပေးခြင်းတို့ လုပ်ဆောင်ခဲ့ကာ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနနှင့်အတူ အထက်ပါကျောင်းအား “တရုတ်-မြန်မာ ချစ်ကြည်ရေးစာသင်ကျောင်း” ဟု အမည်ပေးခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူးရုံးတာဝန်ခံ ဒေါ်အေးအေးမိုးမှ ဆရာ၊ ဆရာမ၊ ကျောင်းသူ ကျောင်သားများကိုယ်စား မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ကျောင်းများအပေါ် ဂရုစိုက်ကူညီပေးမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ ထိုပစ္စည်းများအား ကောင်းမွန်စွာအသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများကို စာကြိုးစားပြီး ကိုယ်လက်ကြံ့ခိုင်မှုမြှင့်တင်ကာ တရုတ်-မြန်မာချစ်ကြည်ရေး အမွေဆက်ခံသူများဖြစ်လာစေရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ် အဆက်မပြတ် တိုးတက်လာစေရန် တရုတ်သံရုံးနှင့်အတူ ပညာရေးနှင့် လူမှုယဉ်ကျေးမှုကဏ္ဍတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

လတ်တလောနှစ်များအတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းအတွက် အဆက်မပြတ်ကူညီပံ့ပိုးပေးခဲ့ကြောင်းနှင့် လူငယ်ဆရာဆရာမကိုယ်စားလှယ်များ တရုတ်နိုင်ငံသို့သွားရောက်လေ့ လာသင်ယူရန် ဖိတ်ကြားခြင်း အပါအဝင် “တရုတ်-မြန်မာချစ်ကြည်ရေးကျောင်း” များ၏ အနှစ်သာရကို အဆက်မပြတ်ပြည့်ဝစေကာ ကျောင်းသားကျောင်းသူနှင့် ဆရာဆရာမများကို အကျိုးခံစားရစေခဲ့သည်ဟု သိရသည်။
Yangon-Times/tthl
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group