#Local_News
Published 11 December 2023


မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂-၂၀၂၃ခုနှစ် အောက်တိုဘာလအထိ ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့သည့် MOU အလုပ်သမားများ အပါအ၀င် ထိုင်းနိုင်ငံအတွင်းရောက်ရှိနေပြီး တရားဝင်အထောက်အထားပြုလုပ်နိုင်ရန်အတွက် ထုတ်ပေးသည့် မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံစာ(CI)ကတ် လျှောက်ထားမှုနှင့် ထုတ်ပေးထားသည့် အရေအတွက်မှာ ၂ဒသမ ၅သန်း ခန့် ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ထိုင်းနိုင်ငံသို့ စေလွှတ်ခဲ့သည့် အလုပ်သမားနှင့် CI ထုတ်ပေးမှုအရေအတွက်မှာ (၁.၁) သန်း၊ MoU လူသစ်သည် (၀.၄၄) သန်း၊ MoU လူဟောင်း (၀.၁၆)သန်း၊ စုစုပေါင်း (၁.၇) သန်းအပြင် လက်တလောတွင် CI ထပ်ဆောင်ရွက်ရန် (၈) သိန်းကျော်ရှိကြောင်း သိရသဖြင့် စုစုပေါင်း (၂.၅) သန်း ခန့်မှန်းထားကြောင်း သိရသည်။

 

ထို့ပြင် မြန်မာရွေ့ပြောင်းအလုပ်သမားများအား အလုပ်ရှင်များက လုပ်အားခေါင်းပုံဖြတ်ခြင်းကို ကာကွယ်ရှောက်ပေးရန်၊ သက်ဆိုင်ရာနိုင်ငံ၏ဥပဒေပါအတိုင်း အကျိုးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးရန်နှင့် အလုပ်သမားရေးရာပြဿနာများကို အချိန်နှင့်တပြေးညီ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၁၁ ခုနှစ်မှစ၍ အလုပ်သမားသံအရာရှိတစ်ဦးကိုခန့်ထားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် အလုပ်သမားအရေအတွက်များပြားလာခြင်းနှင့် အလုပ်သမားရေးရာ ပြဿနာရပ်များကို ပိုမိုထိရောက်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားသံအရာရှိ (၅) ဦးကို တာဝန်ပေးစေလွှတ်ခဲ့ကာ MoU U-turn လုပ်ငန်းစဉ်နှင့် အခြားလုပ်ငန်းလိုအပ်ချက်များအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ညွှန်ကြားရေးမှူးအဆင့် အရာထမ်း (၁) ဦးအား အလုပ်သမား သံအရာရှိအဖြစ် ထိုင်းနိုင်ငံသို့ ထပ်မံစေလွှတ်တာဝန်ပေးအပ်ခဲ့ပြီး ဦးစီးအရာရှိအဆင့် အလုပ် သမားသံအရာရှိ(၁) ဦးကိုလည်း ထပ်မံသက်တမ်းတိုး တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

#Local_News #CIထုတ်ပေးမှု #မြန်မာအလုပ်သမား၂ဒသမ၅သန်းခန့်ရှိ #YMG/LW #Yangon_Times