#LocaL_News
Published_10 Dec 2023


ရှမ်းပြည်နယ် လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်း ကျောင်းတိုက်တွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအား နစက ဥက္ကဌ က ယနေ့ ဒီဇင်ဘာလ ၁၀ ရက်တွင် သွားရောက်တွေ့ဆုံ ခဲ့ကြောင်း သိရသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၎င်းတို့၏ နေရပ်များတွင် အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသ များသို့ ပြန်လည်ရောက်ရှိချိန်တွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အတူ တကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

 

ယင်းအပြင် အစိုးရနှင့် တပ်မတော်မှ လို အပ်သည်များကို တတ်စွမ်းသရွေ့ဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လိုအပ်သည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ကိုဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ထပ်မံ၍လည်း ပေးပို့ပေးမည်ဖြစ်ကြောင်း၊ နယ်မြေ ဒေသတည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေးကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဖြင့် အားပေးစကားပြောကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စားသောက်ဖွယ်ရာပစ္စည်းများ၊ အသုံး အဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့သည် အဖွဲ့ဝင်များနှင့်အတူ လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ ရောက်ရှိကြပြီး မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာကမ္မဌာနာစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံစံတူရုပ်ပွားတော်မြတ်များ၊ လှူဖွယ်ပစ္စည်း များ၊ လားရှိုးမြို့တွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများ အတွက် ငွေကျပ်သိန်း ၅၀၀၀၊ အဝတ်အထည် ၆၀၀၀ ကျော်၊ ဆန်နှင့် စားသောက်ဖွယ် ရာ ပစ္စည်းများကိုလှူဒါန်းရာ မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီးက အမှန်တကယ် လိုအပ်လျက်ရှိသည့် နေရပ်စွန့်ခွာသူများ အားလုံးရရှိစေရေး ခွဲဝေပေးသွားမည့်အခြေ အနေများကို ပြန်လည်မိန့်ကြားခဲ့ကြောင်း သိရသည်။

 

ယင်းခရီးစဉ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်း ဆောင်နေကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအတွက် ချီးမြှင့်ငွေ ကျပ်သိန်း ၅၀၀၀ ကိုပေးအပ်ခဲ့ပြီး အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားပြီး အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အောက်တိုဘာလ ၂၇ ရက်မှစ၍ MNDAAI TNLA၊ AA အဖွဲ့တို့နှင့် PDF ပူးပေါင်းအဖွဲ့၏ လုပ်ရပ်များကြောင့် အချို့သောကျေးရွာများ၊ မြို့များ၊ လမ်း၊ တံတားများ ပျက်စီး ဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူလူထုတို့အနေဖြင့် ၎င်းတို့၏နေရပ်မှ တိမ်းရှောင်စွန့်ခွာ၍ လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်း များ၊ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်း များ၊ ရုံး၊ အဆောက်အဦများ၌ ယာယီတည်းခိုနေထိုင်ရလျက်ရှိ ကြောင်း၊ လက်ရှိအချိန် အထိ အိမ်ထောင်စု ၁၄၂၈ စုမှ လူဦးရေ ၄၉၂၂ ဦးခန့် ရောက်ရှိတည်းခိုနေထိုင်ရလျက် ရှိ ကြောင်းသိရသည်။

 

#LocaL_News #လားရှိုး #ယာယီနေရပ်စွန့်ခွာဒေသခံ #သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် #Yangon_Times/PP