#Local_News
Published 6 December 2023

ပဲပင်ပေါက်ပြုလုပ်ရန် မြန်မာ့ပဲတီစိမ်းများ ဥရောပမှအဓိကဝယ်ယူနေသည့်အတွက်‌ ဈေးကွက်ပုံမှန်ရှိနေကြောင်း ပဲကုန်သည်များထံမှသိရသည်။

 

မြန်မာ့ပဲတီစိမ်းကို နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ ဂျာမနီနိုင်ငံတို့က အများဆုံးဝယ်ယူကြပြီး အခြားသော ဥရောပကုန်သည်များနှင့် ချိတ်ဆက်ကာ ပြန်လည်ဖြန့် ဖြူးရောင်းချလေ့ရှိကြပြီး နယ်စပ်အပြင်ပင်လယ်ရေကြောင်းမှပါတင်ပို့နေရသည့်အတွက်ဈေးကွက်ပုံမှန်ရှိနေ‌ခြင်းဖြစ်ကြောင်း သိရသည်။

 

'ပဲတီစိမ်းကနယ်စပ်အပြင်ပယ်လယ်ရေကြောင်းကလည်းသွားတယ်၊အဓိကဥရောပနိုင်ငံတွေကိုလည်းသွားနေတော့လက်ရှိဈေးကွက်အခြေအနေကမှန်မှန်လေးပါပဲ၊ ' ဟု ပဲကုန်သည် ဦးဝင်းမြင့်က ပြောသည်။

 

မြန်မာ့ပဲတီစိမ်းကိုအီးယူနိုင်ငံများသို့နှစ်စဉ်တန်ချိန် ၈,၀၀၀ ကျော်ခန့် တင်ပို့ရောင်းချလျက်ရှိပြီး ယခု ၂၀၂၃ ခုနှစ် ပဲရာသီဖြစ်သည့် မတ်လမှ အောက်တိုဘာလအထိ ကာလအတွင်း စုစုပေါင်းတန်ချိန် (၇၄,၀၁၃) တန် တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

 

ထို့အပြင် ယခုနှစ် ပဲရာသီတွင်လည်း မြန်မာ့ပဲတီစိမ်းကို ဥရောပသမဂ္ဂနိုင်ငံများသို့ တင်ပို့ရန် အဆိုပြုထားသည့် ကုမ္ပဏီ ၁၀ ခုတွင်ကုမ္ပဏီအသစ်လေးခု ပါဝင်လာကြောင်း သိရသည်။

 

#Local_News #မြန်မာ့ပဲတီစိမ်း #ဥရောပမှအဓိကဝယ်ယူ ‌ #YMG/NN #Yangon_Times