Published 29 November 2023

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို အလုံမြို့နယ်တရားရုံးနှင့် ထောင်တွင်းတရားရုံးတို့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သော အသိုင်းအဝိုင်းကသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်ည ၈နာရီခွဲအချိန်ခန့်က ယင်းကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှု ဖွင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ပုဒ်မ ၁၂၄-ဃ အရ ထောက်ဒဏ် ၇ နှစ် နှင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ က အရ ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အလုံမြို့နယ်တရားရုံးနှင့် ထောင်တွင်းတရားရုံး တို့ကသီးခြားစီ အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အလုံမြို့နယ်၊ (၁၁)ရပ်ကွက်၌ နေထိုင်သူ အသက် ၆၄ နှစ်အရွယ် ဦးရဲထွဋ် (Ye Htut Facebook Acount ပိုင်ရှင်)အား လူမှုကွန်ရက်စာမျက် နှာပေါ်၌ မဟုတ်မမှန်သတင်းများရေးသားဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း စစ်ဆေး သိရှိရသဖြင့် အရေးယူထားကြောင်း နစက အနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက် ထုတ်ပြန်ချက်တွင် ထုတ်ပြန်ခဲ့သေးသည်။

ဦးရဲထွဋ်သည် ဦးသိန်းစိန်ဦးဆောင်သော အစိုးရလက်ထက်တွင်ပြန်ကြားရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးမတိုင်မီ ပြန်ကြားရေးဒုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်စသဖြင့် အရပ်ဘက်တာဝန်များကို ထမ်းဆောင်ခဲ့သော တပ်မတော်အရာရှိဟောင်းတစ်ဦးလည်း ဖြစ်ကြောင်းလည်း သိရသည်။
Yangon_Times/PP
#Local_News
#Published 29 November 2023
#Yangon_Times #YMG_News #Yangon_Media_Group