#Local_News
Published 25 November 2023


ယခုနှစ်အတွင်း ပြည်ပသို့တင်ပို့ဆန်များ ဈေးကောင်းရနေပြီး နိုဝင်ဘာလအတွင်းပြည်ပနိုင်ငံများသို့ ဆန်တန်ချိန်တစ်သိန်းခွဲအထိ တင်ပို့ရန်မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ သိရသည်။

 

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း နိုင်ငံတကာဆန်ဈေးကွက်၌ မြန်မာ့ဆန်များသည် အမျိုးအစားပေါ် မူတည်ကာ တစ်တန်လျင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၃၅၀၊ ၄၀၀ ဝန်းကျင်သာဈေးရရှိခဲ့သော်လည်း ယခုနှစ်အတွင်းတစ်တန်လျင် အမေရိကန်ဒေါ်လာ ၅၀၀ ကျော်အထိ ဈေးရရှိနေကြောင်း သိရသည်။

 

'ဒီနှစ်ရောင်းတဲ့ ဆန်ဈေးတွေကမြင့်တယ်၊ ဒါကြောင့်မို တစ်ဖက်က တန်ချိန်အားဖြင့် လျော့နည်းမှုရှိသော်လည်းပဲ ဝင်ငွေအားဖြင့် သိပ်ပြီးတော့ မလျော့ဘူး ဆိုတာကိုတော့ ပြောချင်ပါတယ်၊နိုဝင်ဘာလမှာတော့ ကျွန်တော်ထင်တယ်။ တစ်သိန်းခွဲနီးနီးလောက် သွားလိမ့်မယ့် အနေအထားရှိပါတယ်' မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

 

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလထိ (၇) လအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့ဆန်၊ ဆန်ကွဲတင်ပို့မှုမှာ ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက (၅၀) ရာခိုင်နှုန်းခန့် လျော့နည်းသွားကြောင်း တန်ချိန်အားဖြင့် ထက်ဝက်နီးပါး လျော့နည်းသွားခဲ့သော်လည်း ဝင်ငွေအားဖြင့် ကြည့်ပါက ၂၅ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းသာ လျော့နည်းသွားကြောင်းသိရသည်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲ တန်ချိန် (၂.၅) သန်း ရောင်းချနိုင်ရေး ရည်မှန်းထားရှိပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁) ဘီလီယံရရှိရန် မျှော်လင့်ထားကြောင်း သိရသည်။

 

ဆန်နှင့်ဆန်ကွဲကို အာရှ၊ အာဖရိက၊ ဥရောပနိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးများမှ တဆင့်တင်ပို့လေ့ရှိပြီး နယ်စပ်ကုန်သွယ်‌ရေးများတွင် အဓိကတင်ပို့သည့် နေရာတစ်ခုဖြစ်ပြီး ကိုဗစ်ကာလအတွင်းကပင် ဖွင့်လှစ်ခဲ့သည့် မူဆယ်ကုန်သွယ်ရေးအားပြီးခဲ့သည့် အောက်တိုဘာ၂၇ရက်မှစတင်၍ ယာယီပိတ်ထားရကြောင်း သိရသည်။

 

#Local_News #ပြည်ပတင်ပို့ဆန်များဈေးကောင်းရ #ဆန်တန်ချိန်တစ်သိန်းခွဲ #YMG/NN #Yangon_Times