#Local_News
Published 25 November 2023


ယခုလအတွင်းရခိုင်‌ဒေသအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြန်မာ-ဘဂ်လားဒေ့ရှ်ကုန်သွယ်ရေးထိခိုက်နေကြောင်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များနှင့် စီးပွားရေးလေ့လာသုံးသပ်သူများ၏ ပြောကြားချက်အရ သိရသည်။

 

ဘဂ်လားဒေ့ရှ့သို့ ပြည်တွင်းမှ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးခြောက်၊ အေးခဲငါး၊ အုန်း သီး၊ ဂျင်း၊ ကွမ်းသီးနှင့်သစ်များ တင်ပို့လေ့ရှိပြီး ဘဂ်လားဒေ့ရှ်မှ အာလူး၊ အထည်ချုပ်ပစ္စည်းများ၊ ပလက်စတစ်ပစ္စည်းများ၊ အလူမီနီယံနှင့် အခြားထုတ်ကုန်များကိုပြည်တွင်းသိုတင်သွင်းလေ့ရှိကြောင်း သိရသည်။

 

'ဟိုဘက်လည်းပို့မရ၊ ဒီဘက်လည်းသွင်းမရနဲ့ အကုန်ရပ်ကုန်တာ၊ အခက်အခဲရှိတာပေါ့၊ အကုန်အခက်အခဲရှိတယ်၊ ဒါကိုပဲမှီခိုစားသူ အကုန်ဒုက္ခတွေ့ကုန်တာပေါ့' ဟု ပို့ကုန်လုပ်ငန်းရှင် ဦးမောင်လှက ပြောသည်။

 

ရခိုင်ပြည်နယ်တွင်း AA နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်၍ ကုန်စည်စီးဆင်းသည့်လမ်းကြောင်း အားလုံးကို ပိတ်ထားသည့်အတွက် ကုန်စည်စီးဆင်းမှုရပ်တန့်နေခြင်းဖြစ်‌ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနတ်ဆိပ်ကမ်းနှင့် ရခိုင်ပြည်နယ်မောင်တောဆိပ်ကမ်းတို့အကြား အဓိက ပြုလုပ်လျက်ရှိပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမှာ စိုးရိမ်စရာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သွင်းကုန်လုပ်ငန်းရှင်များက ထုတ်ဖော်ပြောဆိုထားကြသည်။

 

ထို့အပြင် လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်းနှင့် ပြတ်လပ်မှုများ ကြုံတွေ့နေခြင်းကြောင့် စပါးရိတ်သိမ်းမည့် တောင်သူများမှာလည်း အခက်တွေ့နေကြောင်း သိရသည်။

 

၄င်းအပြင် ရခိုင်ဒေသအပါအဝင် မူဆယ်၊ ကယားစသည့်ဒေသများသိုလည်း ကုန်စည်စီးဆင်းမှုရပ်တန့်နှောင့်နှေးမှုများရှိနေရာ ကုန်စည်စီးဆင်းမှု အခြေအနေများ ဆက်လက် ထိခိုက်နေပါက ကုန်ဈေးနှုန်း မြင့်တက်မှု၊ တိုင်းပြည်စီးပွားရေးကျဆင်းမှုနှင့် ဒေသတွင်း ဒုစရိုက်မှုများ တိုးလာနိုင်သောကြောင့် ဒေသတည်ငြိမ်အေးချမ်းပြီး ကုန်စည်စီးဆင်းမှုများ ပြန်လည်မှန်ကန်လာစေရန်အမြန်ဆုံးလုပ်ဆောင်သင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်ထားသည်။

 

#Local_News #ရခိုင်တိုက်ပွဲ # မြန်မာ-ဘဂ်လားဒေ့ရှ်ကုန်သွယ်ရေးထိခိုက် #YMG/NN #Yangon_Times