#Local_News
Published-8 November 2023


ယခုအပတ်သုံးရက်တာအတွင်း ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ကန်ဒေါ်လာ ၂၀အထိ ကျဆင်းနေပြီး ရန်ကုန်အခေါက်ရွှေပြင်ပပေါက်ဈေးမှာလည်း တစ်ကျပ်သားကို ကျပ်သုံးသောင်းဝန်းကျင်ခန့်ကျဆင်းလာကြောင်း ရန်ကုန်ရွှေဈေးကွက်ထဲက သိရသည်။

 

ထိုသို့ကျဆင်းရာတွင် နိုဝင်ဘာ ၆ ရက်က ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ကန်ဒေါ်လာ ၁၉၈၅ ဒေါ်လာရှိခဲ့ရာမှ ယနေ့တွင် ကန်ဒေါ်လာ ၁၉၆၅ ဒေါ်လာအထိ ကျဆင်းလာခြင်းဖြစ်သည်။ ရန်ကုန်အခေါက်ရွှေပြင်ပပေါက်ဈေးနှုန်းမှာမူ သုံးရက်တာအတွင်း တစ်ကျပ်သားလျှင် ကျပ်သုံးသောင်းဝန်းကျင်အထိ ကျဆင်းနေခြင်းဖြစ်ပြီး ယနေ့တွင် ၃,၄၇၂,၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

 

ရန်ကုန်တိုင်း‌ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ အခေါက်ရွှေရည်ညွှန်းဈေးနှုန်းမှာ တစ်ကျပ်သားကို ၃,၁၀၄,၀၀၀ ကျပ် မှ ၃,၀၇၂,၇၀၀ ကျပ်အထိ ကျဆင်းလာခဲ့သည်။

 

အဆိုပါကဲ့သို့ ကမ္ဘာ့ရွှေဈေးနှုန်းအတက်အကျ အလိုက်မြန်မာ့ရွှေ ဈေးအတက်အကျ ဖြစ်နေသော်လည်း ပြည်တွင်းဈေးကွက်ထဲမှာမူ အရောင်းအဝယ်အေးနေပြီးကမ္ဘာ့ရွှေဈေးကျဆင်းနေခြင်းကြောင့် ပြည်တွင်းဈေးပါ လိုက်ပါကျဆင်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးမျိုးမြင့်က ရန်ကုန်မီဒီယာဂရုကိုပြောသည်။

 

ရန်ကုန်ဈေးကွက်အတွင်းသို့ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းစသည့်ဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လက်ဝတ်ရတနာအထည်ပျက်ကုန်ကြမ်းများ ဝင်ရောက်လေ့ရှိပြီး ရွှေလုပ်ကွက်များမှကုန်ကြမ်းများလည်း ဝင်ရောက်လေ့ရှိကြောင်း သိရသည်။

 

#Local_News #ကမ္ဘာ့ရွှေဈေးတစ်အောင်စ #ကန်ဒေါ်လာ၂၀ #YMG/NN #Yangon_Times