#Local_News
Published 28 October 2023


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ညမထွက်ရ အချိန်ကို အနည်းငယ်စီဖြေလျော့ သတ်မှတ်ပေးလိုက်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးများထံက သိရသည်။

 

ယခင်က ညမထွက်ရ အချိန်ကို ည ၁၂နာရီမှ နံနက် ၄နာရီအထိ သတ်မှတ်ထားခဲ့ကာ အောက်တိုဘာ ၂၇ ရက်မှစပြီး ညမထွက်ရ အချိန်ကိုနံနက် ၁နာရီမှ ၃နာရီအထိ ဖြေလျော့လိုက်ကြောင်း သိရသည်။

 

''ညမထွက်ရအချိန် ဖြေလျော့လိုက်တာကောင်းပါတယ်၊ အကုန်ပယ်ဖျက်ရင်တော့ ပိုအဆင်ပြေတာပေါ့ အရေးပေါ်အပြင်ထွက်ရတဲ့အခါမျိုးမှာ အချိန်စောင့်စရာ မလိုတော့ဘူး၊ အခု နံနက်၁နာရီ ကနေ ၃နာရီအထိ ပြောင်းလိုက်တော့ ဈေးရောင်းထွက်ချိန် နည်းနည်းပိုစောထွက်လို့ရသွားတယ် အရင်ထက်တော့ အဆင်ပြေသွားပါတယ်'' ဟုရန်ကုန် မြို့နေပြည်သူတစ်ဦးက ပြောသည်။

 

အဆိုပါ ညမထွက်ရအချိန် ဖြေလျော့ကြောင်း ထုတ်ပြန်ချက်ကို မြို့နယ်အုပ်ချုပ်ရေးရုံးများကို အောက်တိုဘာ ၂၇ ရက်က ပေးပို့ထားပြီး ယင်းထုတ်ပြန်ချက်တွင် မြို့နယ်အတွင်း တရားဥပဒေ စိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့် အပြုအမှုတစ်စုံတစ်ခုမှ မပြုလုပ်ရန် နှင့်မြို့နယ်အတွင်းရှိ လမ်းမကြီး၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြားနှင့်ဥယျာဉ်သို့မဟုတ်အများပြည်သူနှင့် ဆိုင်သည့်နေရာများတွင် လူ ၅ ဦးနှင့် ၅ ဦးအထက် ပိုသူများ စုဝေးခြင်း မပြုရန် တားမြစ်ထားကြောင်းကို ထုတ်ပြန်ချက်တွင်ပါရှိကြောင်း သိရသည်။

 

#Local_News #ရန်ကုန်တိုင်း #ညမထွက်ရ #အချိန်အနည်းငယ်ဖြေလျော့ #YMG/LW #Yangon_Times