Published_ 18 October 2023

ရွှေတိဂုံအင်္ဂါထောင့်ရှိ ဗုဒ္ဓခြေတော်ရာနှစ်ဆူအား ကြေးသွန်းလက်ရာခြေရာတော်များအဖြစ် အစားထိုးသွန်း လုပ်ပူဇော်ခဲ့ပြီး ရွှေပလ္လင်ဌာနတိုက်အတွင်းသို့ ဌာပနာပစ္စည်းများထည့်သွင်းပူဇော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ဖော်ပြချက်အရသိရသည်။

နဝလောဟ ရတနာပါဒစေတီ ဗုဒ္ဓခြေတော်ရာ (၂)ဆူအား သွန်းလုပ်ပြီးစီး၍ အောက်တိုဘာလ၁၄ရက်တွင် မန္တလေးမြို့မှ ပင့်ဆောင်လာကာ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ကျိုက်က္ကလော့ဘုရား၌ ကရဝိတ်ပန်းကားယာဉ် ပေါ်သို့ ပြောင်းလဲပင့်ဆောင်၍ လမ်းတစ်လျှောက်၌ အပူဇော်ခံ ပင့်ဆောင်ခဲ့ပြီး ရွှေတိဂုံစေတီတော်ရှေးဟောင်း ရုပ်ပွားတော်များတန်ဆောင်း၌ ယာယီကိန်းဝပ်စံတော်မူခဲ့သည်။

ရွှေတိဂုံစေတီ ရင်ပြင်တော် အင်္ဂါထောင့်တွင် တည်ထားကိုးကွယ်သော ဗုဒ္ဓခြေတော်ရာ (၂)ဆူအား အစားထိုးသွန်း လုပ်ခြင်းအား ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ၊ ဝဋံသကာပါဠိပါရဂူ ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မဂုရု၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)က ဦးဆောင်၍ မန္တလေးမြို့ ကြေးသွန်းပညာရှင်တမ္ပဝတီ ဦးဝင်းမောင် ထံ အပ်နှံခဲ့သည်ဟုဆိုသည်။

အောက်တိုဘာ ၁၇ ရက်တွင် ရွှေတိဂုံစေတီတော်၌ နဝလောဟရတနာပါဒစေတီ ဗုဒ္ဓခြေတော်ရာ(၂)ဆူထားရှိမည့် ဗောဓိမဏ္ဍိုင် တန်ဆောင်း၊ ရွှေပလ္လင်ဌာနတိုက်အတွင်းသို့ ဌာပနာပစ္စည်းများ ထည့်သွင်းပူဇော်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်းနှင့် သတ္တဌာန ပစ္စည်းများ ထည့်သွင်းခြင်း၊ ရတနာပစ္စည်းများ ထည့်သွင်းခြင်း၊ ဌာပနာပစ္စည်းများကို အမွှေနံ့သာများဖြင့် ပက်ဖြန်းခြင်းများ ပြုလုပ်ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 18 October 2023
#YMG #Yangon_Times #Yangon_Media_Group