၂၇ စက်တင်ဘာ ၂၀၂၃

မကြာတော့သည့် ကာလတစ်ခု၌ မြန်မာ့ခရီးသွားလုပ်ငန်းသည် ကိုဗစ်-၁၉ မတိုင်မီကာလအခြေအနေကို ပြန်လည်ရောက်ရှိနိုင်မည်ဟုယုံကြည်တယ်လို့ နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။

စက်တင်ဘာ ၂၇ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း (ဗဟိုဌာန-၂)၌ ကျင်းပပြုလုပ်တဲ့ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားတွင် နစက ဥက္ကဋ္ဌက ယခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ပြည်တွင်း၊ ပြည်ပ ခရီးသွားများ တိုးတက်လာစေရန် မဟာဗျူဟာ လုပ်ငန်းစီမံချက်များ ရေးဆွဲ ဆောင်ရွက်ထားတဲ့အတွက် ယခုနှစ်တွင် မြန်မာနိုင်ငံကို ခရီးသည်ရောက်ရှိမှု ပိုမိုတိုး တက်များပြား လာမည်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွာများဝင်ရောက်မှုသည် ယခင်နှစ်နှင့် ကာလတူနှိုင်းယှဉ်ကြည့်တဲ့အခါ ၆ ဆခန့် တိုးတက် လာခဲ့တယ်လို့ ဗိုလ်ချူပ်မှူးကြီးက ဆက်လက်ပြောကြားပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ နိုင်ငံတကာခရီးသွားဧည့်သည် ခြောက်သိန်းကျော် ဝင်ရောက်ခဲ့တာဖြစ်ပြီး  ယခင်နှစ်က အလားတူကာလအပိုင်းအခြားမှာ ခရီးသွား တစ်သိန်းကျော်သာ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်စေသည့် ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရန် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦများကို တည်ဆောက်ရာ၌ သဘာဝ သယံဇာတများကို အကျိုးရှိစွာအသုံးပြုပြီး စွမ်းအင်ချွေတာရေး နည်းလမ်းများနှင့် ဆောင်ရွက်သည့် အစိမ်းရောင်အဆောက်အဦများ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံကြပါလို့လည်း ဗိုလ်ချုပ်မှူးကြီးက လုပ်ငန်းရှင်တွေကိုတိုက်တွန်းခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်သဘာဝတရားကြီးကပေးထားသည့် အကြီးမားဆုံး လက်ဆောင် ဖြစ်အဖြစ်  အလားတူ အဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် များစွာရှိတဲ့အတွက် အဆိုပါသဘာဝအရင်းအမြစ် ယဉ်ကျေးမှု အမွေအနှစ်များကို အခြေခံပြီး ခရီးစဉ်ဒေသ နှင့်ခရီးသွား ဆွဲဆောင်မှုများအဖြစ် ဖော်ထုတ်ဖို့လည်း ဗိုလ်ချုပ်မှူးကြီးက အကြံပြုပြောဆိုခဲ့ပါတယ်။

တည်ငြိမ်အေးချမ်းမှုရှိခြင်းသည် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေသောကြောင့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်သွား ကြရလိမ့်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်မှစတင်ကာ နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်စတင်ပြေးဆွဲခွင့်ပြုခဲ့ပြီး ကမ္ဘာလှည့် e-visa ကို မေလ ၂၀ ရက်က စတင်ခွင့်ပြုပေးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်တွင် ပြည်ပနိုင်ငံအသီးသီးမှ လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်စသည့် နိုင်ငံတကာဝင်ပေါက်အသီးသီးမှ နိုင်ငံတကာ ခရီးသွား စုစုပေါင်း  ၂ သိန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကထက် ၄၃ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပါတယ် ။၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ နိုင်ငံတကာခရီးသွားဧည့်သည် ခြောက်သိန်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။

အဲဒီနောက် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီဝင်ဗိုလ်ချုပ်ကြီးတင်အောင်စန်းတို့က ကမ္ဘာ့ခရီးသွားလုပ်ငန်း နေ့အထိမ်းအမှတ် ပြိုင်ပွဲများမှ ဆုရရှိသူတွေကို ဆုချီးမြှင့်ခဲ့ပြီးနောက် အထိမ်းအမှတ်ပြပွဲတွင် ခင်းကျင်းပြသထားတာတွေကိုကြည့်ရှုအားပေး ခဲ့ကြကြောင်းသတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 -knl/ymg