Published_ 20 September 2023

ကုန်သေတ္တာ၊ အလုံပိတ်ယာဉ်များဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် စောင့်ကြည့်စစ်ဆေးသည့်စနစ် Logistic Surveillance (E-Lock) လုပ်ငန်း Phase1 အနေဖြင့် စက်တင်ဘာ ၁၉ ရက်က  ရန်ကုန်မြို့ သီလဝါအထူးစီးပွားရေးဇုန်၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

E-Lock စနစ်ကို Phase 1 အနေဖြင့် ရန်ကုန်သီလဝါ (SEZ)မှ မြဝတီမြို့သို့ အသွား၊ အပြန် ကုန်စည်ပို့ဆောင်မှုကို စတင် ဆောင်ရွက် မည်ဖြစ်ပြီး Phase 1 အောင်မြင်ပါက Phase 2 အနေဖြင့် ရန်ကုန်-မြဝတီ အသွား၊ အပြန်၊ ရန်ကုန်-မန္တလေး အသွား၊ အပြန်၊ မန္တလေး-မူဆယ် အသွား၊ အပြန်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်းသိရသည်။

E-Lock စနစ်ကို ဆောင်ရွက်အသုံးပြုခြင်းဖြင့် ကုန်စည်သယ်ယူပို့ဆောင်မှု ပိုမိုမြန်ဆန်ခြင်း၊ လမ်းကြောင်း တစ်လျှောက် ဖွင့်ဖောက် စစ်ဆေးမှုမရှိခြင်းကြောင့် အချိန်ကုန်သက်သာခြင်း၊ ကုန်တင်ယာဉ်တည်နေရာကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်း၊ ကုန်တင်ယာဉ်ရောက်ရှိမည့်အချိန်ကို သိရှိနိုင်ခြင်း၊ ခရီးစဉ်အတွင်း ကုန်ပစ္စည်းများပျောက်ဆုံးမှု မရှိနိုင်ခြင်း၊ ကုန်ပစ္စည်းအလေအလွင့်နည်းပါးခြင်းနှင့် ကုန်ကျစရိတ်များ သက်သာခြင်းများ ရှိမည်ဟုသိရသည်။

နိုင်ငံအတွင်း E-Lock စနစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက မကြာမီအကောင်အထည် ဖော်ဆောင်ရွက် မည့် (ASEAN CUSTOMS TRANSIT) အာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွင်း နိုင်ငံဖြတ်ကျော်၍ ကုန်စည်များ ဖြတ်သန်းသယ်ဆောင်မှု လုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group