Published_ 20 September 2023

ရင်ခွင်ပိုက် ကလေးငယ်အပါဝင် မြန်မာမိသားစု (၃) ဦးအလုပ်လုပ်ရန် မလေးရှားနိုင်ငံသို့ အထောက်အထားမဲ့ဖြင့် ဝင်ရောက်ပြီး ရက်ပိုင်းအကြာတွင်  မိခင်ဖြစ်သူမှာ အသက်ရှုကြပ် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

ရင်ခွင်ပိုက်ကလေးငယ် မောင်စွမ်းထက်ပိုင်နှင့် မိဘ(၂) ဦးဖြစ်သူ ကိုပိုင်နှင့် မချစ်ခင်တို့မှာ ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက အသိမိတ်ဆွေများရှိသည့် မလေးရှားနိုင်ငံ၊ စလန်းကောပြည်နယ်၊ ကလန်းမြို့သို့ အလုပ်လုပ်ရန် အရဲစွန့်ကာ အထောက်အထားမဲ့ဖြင့် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

"မကြာသေးခင်ရက်ပိုင်းကမှ မလေးရှားနိုင်ငံကို မိသားစု ၃ဦး အရဲစွန့်ကာ ရောက်လာပြီး အသိမိတ်ဆွေအိမ်မှာ နေထိုင်ကြသူတွေ​ဖြစ်ပါတယ်။ မချစ်ခင်မှာမလေးရှားကိုလာရာလမ်းတစ်လျှောက် မှာ  မတူညီတဲ့ ရာသီဥတုနဲ့ ကြမ်းတမ်းတဲ့ ဒေသတွေကို ဖြတ်ကျော်လာရလို့ မူလတွင်ရှိတဲ့ ရောဂါအခံ အသက်ရှူကြပ် နှလုံးရောဂါနဲ့ ကွယ်လွန်ရတာပါ။"ဟု မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)က ပြောဆိုသည်။

ကွယ်လွန်သူ မချစ်ခင်သည် အသက်၂၄ နှစ်အရွယ်သာရှိပြီး  အသက်ရှုကြပ်ခြင်း၊ နှလုံးရောဂါ ဝေဒနာခံစားခဲ့ရသော်လည်း မလေးရှားရောက်ခါစဖြစ်၍ ငွေကြေးမရှိ၊ ဆေးရုံသွားရန် အထောက်အထား မရှိ၊ ဘာသာစကား ကူပြောမည့်သူ မရှိခြင်းများကြောင့် ဆေးရုံကြီးသို့ အချိန်လွန်မှရောက်ရှိကာ စက်တင်ဘာ (၁၈) ရက်တွင် ဝေဒနာအပြင်းအထန်ခံစားရပြီး ကလန်းမြို့ဆေးရုံဝန်းထဲတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

နာရေးကိစ္စအား မလေးရှားနိုင်ငံသား (၁)ဦးက မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)ထံ ဆက်သွယ်လာခြင်းကြောင့် လိုအပ်သည့် ကိစ္စများအတွက် ကူညီပေးလျက်ရှိကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)မှ သိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group