#Local_News
Published _15 September 2023


စစ်ကိုင်းမြို့နယ်တွင် ရဲအရာရှိနှင့် မိသားစုပစ်ခတ်ခံရ ၊ ဇနီးမောင်နှံသေဆုံးကာ၂ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရပြီး အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့ နယ်၊ တံတားဦးလေဆိပ်တာဝန်ကျ ရဲအရာရှိတစ်ဦးက စက်တင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ၎င်း၏ဇနီး၊ (၉)နှစ်အရွယ် သမီးတစ်ဦးနှင့် (၂)နှစ်အရွယ်သားတစ်ဦးတို့နှင့်အတူ Honda Fit အမျိုးအစား မော်တော်ယာဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ သလွန်ဖြူကျေးရွာ၌ နေထိုင်သည့် မိဘများအား သွားရောက်ကန်တော့ကာ ညနေပိုင်းတွင် တံတားဦးလေဆိပ်သို့ပြန်ရန်အတွက် ကျေးရွာရှိ “ရွှေဘုံသာ”ဘုန်းကြီးကျောင်းအနီး၌ ရပ်တန့်ထားသည့် ၎င်းတို့၏ မော်တော်ယာဉ်သို့ သွားရောက်စဉ် မော်တော်ယာဉ်အနီးရောက်ရှိစဉ် လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းပစ်ခတ်မှုကြောင့် ရဲအရာရှိမှာ လက်နက်ငယ်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး (၂)နှစ်အရွယ်သားဖြစ်သူတွင် တင်ပါးကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ရဲအရာရှိ၏ဇနီးအား မော်တော်ယာဉ်ဖြင့် သလွန်ဖြူကျေးရွာအနောက်ပိုင်းဘက်သို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ၎င်း၏ရုပ်အလောင်းကို ပြန်လည်သယ်ဆောင်၍ အခင်းဖြစ်နေရာ၌ ချထားကာ မော်တော်ယာဉ်ကို မောင်းနှင်ယူဆောင်သွားခဲ့ကြောင်းလည်း သိရသည်။

 

လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အကြမ်းဖက်မှုကျူးလွန်သူများအား ဥပဒေ နှင့်အညီ ထိရောက်စွာ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#Local_News #ရဲအရာရှိနှင့် မိသားစုပစ်ခတ်ခံရ #ကလေးတစ်ဦးဒဏ်ရာရ
#Yangon_Times/PP