#Local_News
Published-14 September 2023

မိုးသည်းထန်စွာရွာသွန်း၍ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ တောင်ခြေရင်းရှိ ရပ်ကွက်များတွင်တောင်ကျမိုးရေများဝင်ရောက်မှုကြောင့် အုတ်တံတိုင်းပြိုကျမှုဖြစ်ကာ အမျိုးသား ၁ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။

 

ဖြစ်စဥ်မှာ စက်တင်ဘာလ ၁၄ရက် နံနက် ၂နာရီ ၄၀ မိနစ်အချိန်ခန့်က လားရှိုးမြို့၊ တောင်ခြေရင်းရှိ အမှတ်(၅/၆/၇ /၁၂) ရပ်ကွက်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်များအတွင်း တောင်ကျမိုးရေများဝင်ရောက်မှုဖြစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တောင်ကျမိုးရေများဝင်ရောက်မှုကြောင့် ရပ်ကွက်(၅)၊ နယ်မြေ(၁၃) တွင်နေအိမ်အုတ်တံတိုင်းပြိုကျမှုဖြစ်ခဲ့၍ လူနေအိမ်ပေါ်ပိမိနေပြီး အမျိုးသား ၁ဦးသေဆုံးခဲ့၍ လားရှိုးလူငယ်ပရဟိတပိုင်လူနာတင်ယာဉ်ဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ယင်းကဲ့သို့မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ မိုးရေဝင်ရောက်လျက်ရှိသော နေအိမ်များမှ လူနှင့်ပစ္စည်းများအား ဘေးလွတ်ရာနှင့် ၎င်းတို့၏ဆွေမျိုးများနေအိမ်သို့ရွှေ့ပြောင်းပေးခဲ့ကြောင်းလည်း သိရသည်။

 

#Local_News #မိုးသည်းထန်စွာရွာသွန်းမှု #အုတ်တံတိုင်းပြိုကျမှုဖြစ်
#Yangon_Times/PP