၄ စက်တင်ဘာ ၂၀၂၃

၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံသို့လာရောက်ပြီး အမေရိကန်သတင်းထောက် ဒန်နီဖင်စတာကို အကျဉ်းမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့သည့် အမေရိကန်သံတမန်ဟောင်း ဘီလ်ရစ်ချတ်ဆန်ဟာ ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်ခဲ့တယ်လို့ အမေရိကန်မီဒီယာသတင်းတွေအရသိရပါတယ်။

သံတမန်ဟောင်း၊ကွန်ဂရက်အမတ်ဟောင်းပြီးတော့ စွမ်းအင်ဝန်ကြီးနှင့် နယူးမက်ဆီကို အုပ်ချုပ်ရေးမှူးတာဝန်တွေထမ်းဆောင်ခဲ့တဲ့ အသက် ၇၅နှစ်အရွယ် ရစ်ချတ်ဆန်ဟာ သူ့ရဲ့ ချတ်သမ် နွေရာသီအိမ်မှာ အိပ်ပျော်နေရင်းနှင့်ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ရစ်ချတ်ဆန်စင်တာ ဒုတိယဥက္ကဋ္ဌ မစ်ကီ ဘာမင်းက သတင်းထုတ်ပြန်ပေးခဲ့တာပါ။

နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူး ဟောင်းနှင့်ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း ဘီလ်ရစ်ချတ်ဆန်ဟာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို  ၂၀၂၁ခုနှစ်  နိုဝင်ဘာ ၂ရက် နေ့က နစကရုံး၊သံတမန်ဆောင်ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ အမေရိကန်သတင်းထောက် ဒင်နီဖင်စတာလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ကျွမ်းကျင်လှတဲ့ စေ့စပ်ညှိနှိုင်းမှုအရည်အချင်းနှင့်နှစ်လိုဖွယ်ကောင်းတာတွေကြောင့် သူဟာ မြောက်ကိုရီးယား၊မြန်မာ၊ဆူဒန်၊အီရတ်၊အီရန်နှင့်ကျူးဘားနိုင်ငံတွေမှာ အောင်မြင်တဲ့ စေ့စပ်မှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

-knl/ymg