Published_ 24 August 2023

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ် တောင်ပြုံးကျေးရွာရှိ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် တောင်ပြုံးဆုတောင်းပြည့် ဆုတောင်းရမြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီး လောင်းလှူပွဲ နှင့် တောင်ပြုံး အရှင်နှစ်ပါးပွဲတော်ကို ဝါခေါင်လဆန်း၈ရက် မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်ရာ ပွဲတော်ရက် မရောက်ခင်ကပင် လာရောက်သည့် ဘုရားဖူးပြည်သူ များပြားနေကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

ပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့သော်လည်း ပြီးခဲ့သည့်နှစ်က အကြောင်းအမျိုးမျိူး‌ကြောင့် ပွဲတော် ဖြစ်ယုံသာ ကျင်းပခဲ့ရပြီး ယခုနှစ်မှသာ ပြန်လည်စည်ကားစွာ ကျင်းပနိုင်ရန် စီစဉ်ခဲ့ကြောင်း သိရသည်။

'' ဒီနှစ်ကတော့ လာတဲ့ ဘုရားဖူးဧည့်သည်ပိုများတယ် ပွဲတော်ရက် မစခင် လဆန်း၁ရက်နေ့ကတည်းက တစ်ရက်ကို လာတဲ့ဘုရားဖူးဧည့်သည် နှစ်သောင်းကျော်ရှိတယ်။

ဖွင့်ပွဲကို မနက်ဖြန်ဝါခေါင်လဆန်း ၉ရက် မနက် ၉နာရီမှာ ပြုလုပ်မှာပါ ပွဲတော်ကျင်းပချိန်ကိုတော့ မနက် ၆နာရီကနေ ညနေ ၆နာရီ အထိ ခွင့်ပြုထားပါတယ်''ဟု ပွဲတော်ကျင်းပရေးကော်မတီမှ ဦးမောင်မောင်ကြီးကပြောသည်။

ပွဲတော်အတွင်းရောင်းချမည့် ဆိုင်ခန်းများငှားရမ်းခကိုလည်း ယခင်နှစ်များတွင်
၅ပေတစ်ခန်းလျှင် တစ်သိန်းမှ နှစ်သိန်းအထိ ငှားရမ်းခရှိခဲ့ပြီး ယခုနှစ်ပွဲတော်ရက်တွင် ဆိုင်ခန်း အတွက် တစ်ပေလျှင် ကျပ်တစ်သောင်းဖြင့် ဈေးရောင်းသူများ အဆင်ပြေစေရန် လုပ်ဆောင်ပေးထားကြောင်း သိရသည်။
Yangon Times/LW
Photo crd - Naung Naung FB
#Local_News
#YMG #Yangon_Times