၁၈ ဩဂုတ် ၂၀၂၃

ဗုဒ္ဓဘာသာ၊ သာသနာတော်နှင့်သံဃာတော်များအပေါ် အထင်အမြင်လွဲမှားစေရန် ဖန်တီးပုံဖော်ထားသည့် “ဘာမှ မမျှော်  လင့်ပါနဲ့ (Don’t expect anything!)” အမည်ရှိ ဇာတ်လမ်းကိုဦးဆောင်ဖန်တီးခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံသား (၁)ဦးနှင့် သရုပ်ဆောင်(၁၃)ဦးတို့ကို ဖမ်းဆီးမိခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်က ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေဖြစ်ကြတဲ့ Isi Dhamma Youtube Channel နှင့် Tiktok တို့တွင် အဆိုပါ ဇာတ်လမ်းစတင်ပျံ့နှံ့ခဲ့တဲ့အတွက် ဝေဖန်မှုများစွာရှိခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ထိုဇာတ်လမ်းတွင်ပါဝင်ခဲ့သူတွေကို သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်ခဲ့ရာ ဩဂုတ်လ ၈ ရက်တွင် ဇာတ်ညွှန်း၊ ဒါရိုက်တာဖြစ်သူ ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer နှင့် သရုပ်ဆောင်များဖြစ်သည့် ဆန်းဝင်း(ခ) ဦးဇာနိန္ဒ၊ယွန်းအိခင်(ခ)ယွန်းယွန်း၊ ဇာနည်ဦး၊ ဝင်းမိုး၊ ကျော်သက်ထွေး (ခ)ဖိုးထူး၊ ရဲလင်းထွန်း(ခ)ကိုရဲ၊ ချမ်းချမ်းမေ(ခ)ခင်ရူပါရှင်းသန့်၊ ရွှေရည်ဝင်း(ခ)ကဲကဲ၊ ကောင်းစံထွန်း(ခ)ကြယ်စင်၊ မိုးပြည့်ပြည့်သူ(ခ)ဂျူးဂျူးစံ၊ ခါတော်မီ(ခ)ခါခါ၊ ဖြိုးမောင်မောင် (ခ)ဂျိုးဆက်သွင်၊ဉာဏ်လင်းဖြိုး(ခ)ဘရိုင်ယန် စသည့် တရားခံ ၁၄ ဦးတို့အား ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များအရ ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer သည် “ဘာမှမမျှော်လင့်ပါနဲ့ (Don’t expect anything!)”ဇာတ်လမ်းအား ၎င်းကိုယ်တိုင် ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များ၏ သိက္ခာ၊  ကိုယ်ကျင့်တရားများအား ထိခိုက်ကျဆင်းစေသည့် စကားလုံးအသုံးအနှုန်း များဖြင့်ဇာတ်ညွှန်းရေးသား၍ ကိုယ်တိုင်  ရိုက်ကူးတည်းဖြတ်ကာ ဇူလိုင်လ ၂၄ ရက်တွင် isi Dhamma Youtube Channel မှတစ်ဆင့် လွှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇာတ်လမ်းတွင်ပါဝင်သရုပ်ဆောင်သူများ၏ သရုပ်ဆောင်ချက်၊ ပြောကြားချက်၊ စကားလုံးအသုံးအနှုန်းများသည် ဒါရိုက်တာဖြစ်သူ Didier Nusbaumer ကိုယ်တိုင်ရေးသားထား သောဇာတ်ညွှန်းများ   အတိုင်း ပြောဆိုခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ယင်း ဇာတ်လမ်းတွင် အမျိုးသမီးငယ်တစ်ဦးမှ ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိခိုက်ညှိုးနွမ်းစေပြီး ရဟန်း  သံဃာတော်များ၏ အကျင့်သီလအားပုတ်ခတ်စော်ကားသော အပြောအဆိုနှင့် ရိုင်းပျသည့် စကားလုံး အသုံး အနှုန်းများထည့်သွင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဇာတ်လမ်း၏ အဓိကအခန်းကဏ္ဍတွင် ပါဝင်သရုပ်ဆောင်ခဲ့သူများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်များဖြစ်ပါ  လျက် ကိုယ်အမူအယာ၊ နှုတ်အမူအယာဖြင့်ရဟန်းသံဃာတော်များ၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားများကို ထိခိုက်  ကျဆင်းစေသည်အထိ ဆင်ခြင်တုံတရားမဲ့စွာ ပြုမူဆောင်ရွက်ခဲ့ကြသည့်အပြင် ဇာတ်လမ်းကိုကြည့်မြင်ရသည့် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံးကိုထိခိုက်စေပြီး ကိုးကွယ်ယုံကြည်မှုနှင့်ဘာသာ၊ သာသနာကို စော်ကားသည့် အပြုအမူ များသက်ရောက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါဖမ်းဆီးရမိ တရားခံများအား တရားဥပဒေနှင့်အညီ ထိရောက်စွာ   အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။

-ymg/knl