#Local_News
Published-16 August 2023

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် သန့်ရှင်းရေးလုပ်ရင်း ၁၁၀၀၀ ဗို့အားရှိ ၁၁​KVA လျှပ်စစ်ဓာတ်အားကြိုးကိုထိမိ၍ ဓာတ်လိုက်မှု ယနေ့နံနက်ကဖြစ်ခဲ့ပြီး အမျိုးသမီး ၁ဦးသေဆုံး၍ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဥ်မှာ ဩဂုတ်လ နံနက် ၁၀ နာရီ၂၁မိနစ်အချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊(၆၈)လမ်း၊ (၁၃၉)လမ်းထောင့်၊ (ဈ)ရပ်ကွက်၊ RC(၃)ထပ် တည်းခိုခန်း(ဧည့်ရိပ်သာ) ၁ခု၏ ပထမထပ်ဘေးကပ်လျက်ရှိသည့် အဖီဆွဲထားသော Steel structure သွတ်မိုးပေါ်တွင် အိမ်ရှင်နှင့်အလုပ်သမားများ သန့်ရှင်းရေးပြုလုပ်ကြရာမှ ဓာတ်လိုက်မှုဖြစ်ခဲ့ကြောင်း သိရသည်။

 

ဓာတ်လိုက်မှုဖြစ်စဥ်ကြောင့် ကျား(၂)ဦး၊ မ(၂)ဦး စုစုပေါင်း (၄)ဦးတို့အောက်သို့ ပြုတ်ကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးခရိုင်မီးသတ်စခန်းနှင့် ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

ယင်းဖြစ်စဥ်ကြောင့် အိမ်ရှင်အမျိုးသမီးမှာ ဒဏ်ရာများဖြင့်သေဆုံးခဲ့ပြီး ကျန်ထိခိုက်ဒဏ်ရာရရှိသူကျား(၂)ဦးနှင့်မ(၁)ဦးတို့ကို လောကပါလလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #လျှပ်စစ်ဓာတ်ကြိုးကိုထိမိ၍ဓာတ်လိုက် #အမျိုးသမီး၁ဦးသေဆုံး
#Yangon_Times/PP