Published_ 9 August 2023

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီ-ကော့ကရိတ် ဆက်သွယ်ထားသော အာရှလမ်းမကြီးတွင်မြေပြိုကျမှုဖြစ်စဉ်များဖြစ်ပွားနေခြင်းကြောင့် ယခင် ဒေါနတောင်တက်လမ်းဟောင်းကို  ပြန်လည်အသုံး‌ပြုနေရသည်ဟု ဒေသခံကုန်သည်တစ်ဦးက Yangon Times ကိုပြောသည်။

သို့သော် ကုန်တင်ကားကြီးများအားသွားလာခွင့်မပြုသေးဘဲ ကုန်တင်ကားငယ်များ၊ ခရီးသည်တင်ကားငယ်များနှင့်ဆိုင်ကယ်များသာသွားလာနေကြပြီး၊ မိုးရွာသွန်းမှုကြောင့် လမ်းချော်ခြင်း၊ ခရီးနှောင့်နှေးခြင်းများကြုံတွေ့နေရကြောင်း ဆိုသည်။

"ကားလေးတွေနဲ့ဆိုင်ကယ်တွေကိုတော့ စမ်းပြီးသွားခွင့်ပြုနေတယ်။တော်တော်ခက်ခက်ခဲခဲသွားနေရတယ်။ ပရိုဘောက်လို ကားလေးတွေတောင် အခြေအနေမကောင်းဘူး။ တော်တော်ဆိုးတယ်ပြောတယ်။ ဆိုင်ကယ်တောင် နှစ်ယောက်ကိုတစ်သိန်းလောက်တောင်းနေတယ်"ဟု ယင်းလမ်းပိုင်း သွားလာရေးအခြေအနေနှင့်ပတ်သက်၍ ရှင်းပြသည်။

ထို့အပြင် ထိုင်းနယ်စပ်မြို့တစ်ခုဖြစ်သည့် မြဝတီမြို့မှ ပို့ကုန်သွင်းကုန်တင်ပို့ရာတွင် အခက်အခဲဖြစ်နေသော ကုန်သည်များအတွက် ထိုင်းမြန်မာနယ်စပ် မည်သည့် ဂိတ်များကမဆို တင်ပို့ခွင့်ပြုမည့်အပြင် ပင်လယ်ရေကြောင်းကတဆင့် တင်ပို့ခြင်းကိုလည်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  မြဝတီကုန်သွယ်ရေးဇုန်က ထုတ်ပြန်ထားကြောင်း သိရသည်။

ယခု ဩဂုတ်ဆန်းပိုင်းကစ၍ ယနေ့အထိ ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့်  မြစ်ရေ ချောင်းရေမြင့်တက်ခြင်းများဖြစ်ပေါ်ကာ မြေပြိုကျမှုနှင့် လူနေအိမ်များ ရေနစ်မြှပ်အချို့ဖြစ်ပွားနေခြင်းဖြစ်သည်။
ဓာတ်ပုံ CJ
Yangon Times/my
#Local_News
#YMG #Yangon_Times