#Local_News
Published 5 August 2023

ရန်ကုန်တိုင်းအတွင်းရှိ  CNG အရောင်းဆိုင်အချို့တွင် ဇူလိုင်လနောက်ဆုံး အ ပတ်မှစ၍ ကမ်းလွန်စီမံကိန်းအချို့မှ သဘာဝဓာတ်ငွေ့များဖြင့် အင်အားဖြည့်တင်း ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဥ်သုံးသဘာဝဓာတ်ငွေ့ဌာနမှ သိရသည်။

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG)အရောင်းဆိုင်များတွင် CNG လာရောက် ဖြည့်တင်းသော မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းရမှု လျော့ကျစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိတွင် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့များကို တွဲကားများဖြင့် ရောင်းချပေးသော CNG အရောင်းဆိုင် ၆ဆိုင်နှင့် ပိုက်လိုင်းများ သွယ်တန်း၍ ဖြန့်ဖြူးရောင်းချပေးသည့်ဆိုင် ၃၅ ဆိုင် စုစုပေါင်း CNG အရောင်းဆိုင် ၄၁ ဆိုင်ရှိပြီး  CNG အရောင်းဆိုင်အချို့တွင်မော်တော်ယာဉ်များ  ပုံမှန်ထက်ပို၍  တန်းစီစောင့် ဆိုင်းရမှုများ ရှိခဲ့သည့်အတွက် ဇူလိုင် ၂၆ ရက်ကစ၍ ညောင်တုန်း- မအူပင် ရေနံနဲ့ သဘာဝဓာတ်ငွေ့မြေက ထွက်ရှိသည့် သဘာဝဓာတ်ငွေ့၊ ဇောတိကကမ်းလွန် သဘာဝဓာတ်ငွေ့   စီမံကိန်းကထွက်ရှိသည့် သဘာဝဓာတ်ငွေ့အပြင်ရခိုင်ကမ်းလွန် ပင်လယ်ပြင်တွင်ရှိသည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကထွက်ရှိသော သဘာဝဓာတ်ငွေ့များကိုပါ အားဖြည့် အသုံးပြုနေကြောင်း  မြန်မာ့ရေနံနှင့်  သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံး သဘာ၀ဓာတ်ငွေ့ဌာန အထွေထွေမန်နေဂျာက ပြောကြားထားသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင် ၄၁ ဆိုင်၌ သဘာဝဓာတ်ငွေ့ကို နေ့စဉ် နံနက် ၅ နာရီမှ ည ၁၀ နာရီအထိ ပိတ်ရက် မရှိ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး တစ်ရက်လျှင် CNG သုံးမော်တော်ယာဉ် အစီးရေ ၂၈၀၀၀ ကျော် CNG လာရောက်ဖြည့်တင်းလျက်ရှိကြောင်း သိရသည်။

#Local_News #CNG တန်းစီရမှုလျော့ကျ  #သဘာဝဓာတ်ငွေ့များဖြည့်တင်းဆောင်ရွက်ထား
#Yangon_Times/PP