#Local_News
Published_ 5 August 2023


မြန်မာနိုင်ငံတွင်ဆန်စပါးဈေးကွက်ထဲ လူသစ်အချို့ရောက်လာကာ ရည်ရွယ်ချက်ရှိရှိဝင်ရောက်ဈေးကစားခဲ့ကြတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။

 

“အဲဒီသူတွေက ရည်ရွယ်ချက်ရှိရှိနှင့် ဝင်လာဈေးကစားကြသူတွေပါ။ ဒီလောကကမဟုတ်ဘဲ လူသစ်တွေပါ။ သူတို့ကို ပညာပေး စည်းရုံးမှုတွေ လုပ်နေပါတယ်” လို့ ဦးရဲမင်းအောင်က ဆက်လက်ပြောကြားပါတယ်။

 

ထို့အပြင်သူက မြန်မာနိုင်ငံတွင် မနှစ်ကထုတ်လုပ်ထားသည့်ဆန်များနှင့်တစ်နှစ်ကထွက်ရှိထားသည့် စပါးများ ရှိနေသေးကြောင်း၊ဆန်အဟောင်းလက်ကျန်များရှိနေသေး၍ လက်ရှိအခြေအနေတွင် ဆန်ဖူလုံမှုအတွက်စိုးရိမ်စရာမရှိဘူး လို့လည်း ပြောကြားပါတယ်။

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် အများပြည်သူများသို့ သက်သောသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးမည့် အစီအစဉ်ကို ဩဂုတ်(၄)ရက် သောကြာနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါကြေညာချက်အရ လာမည့် ဩဂုတ်လ (၇)ရက် တနင်္လာနေ့မှစတင်ကာ ၁၀၈ပေါင်ပါ အိတ်တစ်အိတ်ကို ရွှေဘို ပေါ်ဆန်းမွှေးဆန်အမျိုးအစား အတွက် ၁၁၀,၀၀၀ ကျပ်မှ ၁၂၀,၀၀၀ ကျပ် အတွင်းလည်းကောင်း၊ဧရာဝတီပေါ်ဆန်းမွှေးဆန်အတွက် ၉၄.၀၀၀ ကျပ်မှ၉၇.၀၀၀ ကျပ်အတွင်း လည်းကောင်း၊ ဧည့်မထ(၁၀%)ဆန်အတွက် ၆၅,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ဧည့်မထ (၂၅%) ဆန်အတွက် ၆၀.၀၀၀ ကျပ်ဖြင့်လည်းကောင်း ရန်ကုန်မြို့ ဝါးတန်းလမ်းရှိ ဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်များတွင် အများပြည်သူကို ရောင်းချပေးမည် ဖြစ်ကြောင်းသိရပါတယ်။

 

“ဒီလိုရောင်းချပေးတာဟာ ဆန်ဈေးနှုန်းနှင့်ဈေးကွက် တည်ငြိမ်ရေးအတွက် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဆန်သစ်မပေါ်ခင် ဩဂုတ်နှင့်စက်တင်ဘာ (၂)လ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဆန်စပါးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆက်လက်ပြောကြားပါတယ်။

 

“တကယ်တမ်းတော့ ဈေးကွက်ထဲမှာ ကောလာဟလတွေကြောင့် လူတွေ မလိုအပ်ဘဲ ဆန်တွေ အလုအယက်ဝယ်ရင်း ဈေးတွေတက်ကုန်တာဖြစ်ပါတယ်။ ဆန်တွေက အလုံအလောက်ရှိပါတယ် “ ဟု ဦးရဲမင်းအောင်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

 

ဝယ်ယူမည့်သူတွေအနေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတင်ပြဝယ်ယူရမည်ဖြစ်ပြီး ကတ်ပြားတစ်ခုလျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးအစားဆန်အိတ်(၁)အိတ်နှင့် ဧည့်မထအမျိုးအစားဆန်အိတ်(၁)အိတ်တို့ကိုလွတ်လပ်စွာ ဝယ်ယူနိုင်မည် ဖြစ်ကြောင်းလည်း သိရပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့်စက်ရုံအလုပ်ရုံ ကုမ္ပဏီဝန်ထမ်းများ အနေဖြင့် သက်ဆိုင်ရာဌာန၊ စက်ရုံ အလုပ်ရုံ ကုမ္ပဏီများမှတင်ပြစာများဖြင့် အီးမေးလ်- This email address is being protected from spambots. You need JavaScript enabled to view it. ပေးပို့ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရှိရပါတယ်။

 

#Local_News #ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ
#Yangon_Times