#Local_News
Published_ 2 August 2023

ပြည်ပနိုင်ငံများသို့ အလုပ်သမားပို့ဆောင်နေသော အလုပ်အကိုင်ရှာဖွေရေးအင်ဂျင်စီ (၂၅)ခုကို စည်းကမ်း ဖောက်ဖျက်သဖြင့် လုပ်ငန်းလိုင်စင်အား ရာသက်ပန်ပိတ်သိမ်းလိုက်ကြောင်း အလုပ်သမားဝန်ကြီးဌာနက သိရသည်။

 

ယင်းသို့ ရာသက်ပန် ပိတ်သိမ်းကြောင်း ကြေညာချက်ကို အလုပ်သမားဝန်ကြီးဌာနက ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ပိတ်သိမ်းခံရသော အလုပ်အကိုင်အေဂျင်စီ (၂၅)ခုသည် သက်ဆိုင်ရာနိုင်ငံများအလိုက် လုပ်ငန်းခွင်များသို့ သတ်မှတ်ကာလအတွင်း မပို့ဆောင်နိုင်ခြင်း၊ ငွေကြေးပိုမိုကောက်ခံခြင်းတို့ကြောင့်ဖြစ်ကာ၊ ယင်းအပေါ်အလုပ်သမားများက တိုင်ကြားမှု ရှိလာခြင်းကြောင့် အရေးယူရခြင်းဖြစ်ကြောင်း သိရသည်။

 

“သတ်မှတ်ကာလမှာ မပို့နိုင်ရင် ယာယီပိတ်သိမ်းတာမျိုးလုပ်တယ်။ ရာသက်ပန်ပိတ်တယ်ဆိုတော့ အဲ့ဒီ အေဂျင်စီတွေက စည်းကမ်းသတ်မှတ်ချက်ကို တော်တော်လေး ဖောက်ဖျက်ထားလို့ဖြစ်မယ်။ ဥပမာ တရားဝင်လိုင်စင်တင်ထားတဲ့ အေဂျင်စီဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ငွေယူပြီးထွက်ပြေးတာမျိုးတွေ ပေါ့။ ဘယ်နှစ်ဦးဆိုတာထက် တစ်ဦးလိမ်လည်း တိုင်ကြားခံရရင် ပိတ်သိမ်းတာဘဲ”ဟု အေဂျင်စီနှင့် နီးစပ်သူတစ်ဦးက Yangon Times ကိုပြောသည်။

 

လိုင်စင်ရ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအနေဖြင့် စည်ကမ်းမလိုက်နာပါက ၃ လ(သို့) ၆လ (သို့) ၁ နှစ် စသဖြင့် ယာယီလိုင်စင်ပိတ်သိမ်းမှုများရှိပြီး၊ ရာသက်ပန် လိုင်စင်ပိတ်သိမ်းခြင်းဖြစ်လည်း အရေးယူမှုများရှိ ကြောင်း သိရသည်။

 

#Ymg/my #Local_News #စည်းကမ်းဖောက်ဖျက်၍လုပ်ငန်းလိုင်စင်ရာသက်ပန်ပိတ်သိမ်း
#Yangon Times