Published_ 29 July 2023

ဇူလိုင်လ၂၉ရက်မှစပြီး မွန်ပြည်နယ်ထဲတွင် မိုးသည်းထန်ပြီး ကားလမ်းမပေါ်ရေကျော်ခြင်း၊နေအိမ်အတွင်း ရေဝင်ခြင်းများစတင်ကြုံတွေ့နေရပြီဖြစ်သည်ဟုမွန်ပြည်နယ်အခြေစိုက်လူမှုကူညီရေးအဖွဲ့ထံမှသိရသည်။

ပေါင်မြို့နယ်နှင့်ကျိုက္ခမီဘက်တွင် မိုးရေချိန်များခဲ့ပြီး ရေကြီးရေလျှံခြင်း၊ကားလမ်းမပေါ်ရေကျော်ခြင်းများ စတင်ဖြစ်ပေါ်နေပြီဟုဆိုသည်။

‘‘မွန်ပြည်နယ်အတွင်းမှာ ရေနစ်မြုပ်လေ့ရှိတဲ့ရပ်ကွက်တွေအနေနဲ့ ညပိုင်းတွေမှာအထူးသတိထားနေထိုင်ဖို့ လိုအပ်ပြီး ညပိုင်းမိုးသည်းထန်ပြီးရေကြီးလာပါက ကူညီကယ်ဆယ်ရေးအဖွဲ့တွေကိုကြိုတင်အကြောင်း ကြားပြီးအကူအညီတောင်းခံထားဖို့လိုအပ်တယ်’’လို့ ကိုဘိုဘိုဝင်း၊ ဥက္ကဌ(မွန်ပြည်နယ်အခြေစိုက် ဘိုဘိုဝင်းလူမှုကူညီရေးအဖွဲ့ကပြောသည်။

ရေနစ်မြုပ်နိုင်ခြေရှိသည့်နေရာများတွင် နေထိုင်နေသည့်သူများအနေဖြင့် ကူညီကယ်ဆယ်ရေးအဖွဲ့များကို အချိန်မီနေရာရွေ့ပြောင်းပေးရန် ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းသိရသည်။

မုတ်သုန်အားအလွန်ကောင်းနေသလို ဇူလိုင်လ၂၉ရက်တွင်မြန်မာနိုင်ငံအနီး လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာပြီး လေဖိအားနည်းရပ်ဝန်းသက်ရောက်မှုလည်းရှိနေသည့်အတွက် မွန်ပြည်နယ်အပါအဝင် ဒေသအချို့၌ အခုရက်ပိုင်းအတွင်းမိုးပိုရန်ရှိသည်ဟုလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း သတိပေးချက်ထုတ်ပြန်ထားသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times