Published_ 29 July 2023

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်အတွင်း ပုလိပ်ဘူတာနှင့် စဉ့်ကိုင် ဘူတာအကြား မိုင်တိုင်အမှတ် (၃၇၁/၁ မှ ၃)အတွင်း ရထားသံလမ်းဆက်ပြားများနှင့် သံလမ်းဆက်မူလီများကို ဖြုတ်ယူဖျက်ဆီးခဲ့သူများအား ဖမ်းဆီးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

ပြီးခဲဇူလိုင်လ ၂၄ ရက်က မြစ်ငယ်မှ ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီးခရီးစဉ် ထွက်ခွာလာသည့် အမှတ်(၉၂၄)အစုန် ရထားလမ်းချော်မှုဖြစ်ပွားခဲ့သည်မှာ အဆိုပါ ရထားသံလမ်းဆက်ပြားများနှင့် သံလမ်းဆက်မူလီများ ဖြုတ်ယူဖျက်ဆီးခံခဲ့ရသောကြောင့် ဖြစ်ကြောင်း သိရသည်။

မီးရထားသံလမ်း များ ဖြုတ်ခိုးခဲ့သူများမှာ မိုင်တိုင်(၃၈၅/၂)အနီးရှိ ကျူးကျော်တဲများအတွင်း နေထိုင်လျက် ရှိကြောင်း သိရသောကြောင့် လုံခြုံရေးတပ်ဖွဲ့များက ဇူလိုင်လ၂၅ ရက်တွင် သွားရောက်ဖမ်းဆီးခဲ့ရာ ချမ်းငြိမ်း အောင် (ဘ) ဦးသန်းညွှန့်၊ ရန်အောင်(ဘ)ဦးမြလွင်၊ ဇော်ထက်(ဘ)ဦးချိုနှင့် နုနုဝင်း(ဘ)ဦးထွန်းအောင် တို့ ၄ ဦးအား မီးရထားသံလမ်း မူလီနှင့် ဂျိုင်းဆက်များ ဖြုတ်ရာတွင်အသုံးပြုသည့် ပိုက်ဂိုက် ၁ ချောင်း၊ မော်တော် ဆိုင်ကယ် ၂ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့ ခိုးဖြုတ်ခဲ့သော ပစ္စည်းများကို ပြည်ကြီးတံခွန်မြို့ နယ်၊ (ဆ)ရပ်ကွက်၊ စက်မှုပန်းခြံ လမ်းရှိ ထိပ်တန်း (ဒန်၊ သတ္တု၊ သံ၊ ပုလင်း) ရောင်းဝယ်ရေးဆိုင်၌ ရောင်းချခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဆိုင်ပိုင်ရှင် ဖြစ်သူ တင်တင်ချို(ဘ) ဦးစံသိုက်နှင့် ကြွယ်မောင်(ဘ)ဦးအောင်ညွှန့် တို့ ၂ ဦးအား မီးရထား သံလမ်းဂျိုင်းဆက် ၂၄ ချောင်း၊ မီးရထားသံလမ်းမူလီ ၁၅ ချောင်းတို့ နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယခုအခါ အထက်ပါဖမ်းဆီးရမိသူများအား လုပ်ထုံးထုပ်နည်းများနှင့်အညီ အရေးယူ နိုင်ရေး နှင့် ဆက်စပ်တရားခံများ ဖမ်းဆီး ရမိရေးအတွက်လုပ်ဆောင်နေကြကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times