Published-28 July 2023

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြောင်းရွှေ့ခြင်းနှင့် လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် တွေ့ဆုံခဲ့သည့်သတင်း ကို ကြားသိခဲ့ခြင်းမရှိဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်၊ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်က နေပြည်တော်အချုပ်ထောင်မှ အဆင့်မြင့် အိမ်ရာတစ်ခုသို့ ပြောင်းရွှေ့ခဲ့ ကြောင်းနှင့် ဦးတီခွန်မြတ်တို့ တွေ့ဆုံခဲ့ကြောင်း နိုင်ငံတကာသတင်းအချို့ကို ကိုးကား၍ မီဒီယာများတွင် ရေးသားနေသည့်အပေါ် ယင်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့တာနဲ့ ဦးတီခွန်မြတ်နဲ့တွေ့ဆုံတဲ့သတင်းနဲ့ ပတ်သက် ပြီး တစ်စုံတရာ ကြားသိရမှုမရှိပါဘူး”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ယင်းအပြင် ယနေ့ ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းက နစက ဥက္ကဌနှင့် တရုတ်အစိုးရ၏ အာရှရေးရာ အထူး ကိုယ်စား လှယ် Deng Xijuan တို့တွေ့ဆုံခဲ့ကြပြီး အာရှရေးရာ အခြား သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့်လည်း အထူးကိုယ်စား လှယ် Deng Xijuan အနေဖြင့် တွေ့ဆုံရန်သာ ရှိနေသေးကြောင်းလည်း ယင်းကပြောသည်။

“အာရှရေးရာ အထူး ကိုယ်စား လှယ်နဲ့ နစက ဥက္ကဌ ဒီနေ့မနက်မှာတွေ့ဆုံခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင် လိုက်လံ ဆောင်ရွက်နေတဲ့သူတစ်ဦး ဖြစ်ပါတယ်။

အဲဒါကြောင့်မို့လို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ အသေးစိတ် ဆွေးနွေး ဖြစ်ပါတယ်။ပြီးရင် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေး၊တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးဖြစ်ပါတယ်။

တရုတ် -မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးတိုးတက် ကောင်းမွန်နေမှုနဲ့ ဆက်လက်ပြီး ဆက်ဆံရေးတိုးတက်ကောင်းမွန်ဖို့အတွက် အသေးစိတ်ဆွေးနွေးဖြစ်ပါတယ်။

သူ့အနေနဲ့ကတော့ ဗိုလ်ချုပ်ရာပြည့် ဦးစီးတဲ့ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီနဲ့တွေ့ခဲ့ပြီးပါပြီ။ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

ကျန်တဲ့တွေ့ဆုံမှုတွေတော့မရှိပါဘူး”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
Yangon_Times/MLT
#Local_News
#YMG #Yangon_Times