Published_ 13 July 2023

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ဆွမ်းခံကြွလာသည့် သံဃာတော် ၁ ပါး ခွေးကိုက်ခံရ၍ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း မြန်မာနိုင်ငံလူမှုကူညီရေးအသင်း(ပြည်)က သိရသည်။

ဖြစ်စဥ်မှာယနေ့ ဇူလိုင်လ၁၃ရက် နံနက် ၈နာရီအချိန်က ပြည်မြို့၊ ဆံတော်ရပ်ကွက် ဘူတာကြီးအရှေ့ ( Hotel 3D အနီး )တွင် ဆွမ်းခံကြွလာစဉ် အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

"မနက်၈နာရီလောက်က ဆွမ်းခံကြွဘုန်းကြီးတစ်ပါး ခွေးကိုက်ခံရလို့ ဒဏ်ရာတွေရနေတယ်လို့ အကြောင်းကြားလာတယ်။ အကြောင်းစုံကိုတော့ သေချာမသိခဲ့ရဘူး။ ခွေးကိုက်ဖို့လိုက်တော့ ပြေးတာမှာ လဲကျတာမျိုးလားလည်းမသိ။ ဦးခေါင်းကဒဏ်ရာရတာကတော့ သေချာပါတယ်"ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အဆိုပါလူမှုကူညီရေးအသင်းမှ မြေပြင်အရေးပေါ်ကုသ လိုအပ်သည်များကို ပြုစုကူညီပေး၍ အရေးပေါ် ဆေးကုသမှုခံယူရန်အတွက် ပြည်ဆေးရုံကြီးသို့ ပါရမီ (3) အရေး ပေါ်ယာဥ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်းလည်း သိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times