Published_ 10 July2023

(၃၁၇) ကြိမ်မြောက် အာဆီယံကော်မတီ (တိုကျို)အစည်းအဝေးသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးစိုးဟန် တက်ရောက်ခဲ့ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက် က တိုကျိုမြို့ အခြေစိုက် ကမ္ဘောဒီးယားသံရုံး၌ ပြုလုပ်ခဲ့သော တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(တိုကျို)၏ (၃၁၇) ကြိမ်မြောက်အစည်းအဝေးကို ဥက္ကဋ္ဌဖြစ်သော ဂျပန်နိုင်ငံ ဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Mr. TUY Ry ကကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းတွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးစိုးဟန် က ကျန်အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူ ပါဝင် တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အစည်းအဝေးအတွင်း ဂျပန်နိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်းဖြစ်ပေါ် တိုးတက်မှုအခြေအနေများ၊ အာဆီယံ-ဂျပန် ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုများပြုလုပ်ရန်ကိစ္စရပ်များ၊ အာဆီယံကော်မတီ(တိုကျို)မှ ဦးဆောင် ကျင်းပမည့် လှုပ်ရှားမှုများဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးနှင့်တစ်ဆက်စပ်တည်း အာဆီယံအတွင်းရေးမှူးချုပ်H.E. Dr. Kao Kim Hourn နှင့် Dinner Talk ကိုလည်း ပြုလုပ်ခဲ့ရာ အာဆီယံအတွင်းရေးမှူးချုပ်မှ အာဆီယံဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ အာဆီယံသံအမတ်ကြီးများက အာဆီယံဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Yangon_Times/BM
#Local_News
#YMG #Yangon_Times