Published_ 10 July 2023

 

၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉  ပြိုင်ပွဲကို ယနေ့ ဇူလိုင် (၁၀) ရက် ည (၇) နာရီအချိန်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းနှင့် ထိုင်းလက်‌ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိ ကစားရာတွင် အုပ်စု(ဂ)ပွဲစဉ်အတွက် မြန်မာ၊ ဖိလစ်ပိုင်နှင့် ထိုင်း လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားကြခြင်းဖြစ်သည်။

 

ပြီးခဲ့သော ဇူလိုင် (၈)ရက်က မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းက ဖိလစ်ပိုင်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် ထိုင်းအသင်းဖြင့်  ထပ်မံကစားသွားရမည်ဖြစ်သည်။

 

မြန်မာအသင်းအနေဖြင့်  ထိုင်းအသင်းကိုထပ်မံအနိုင်ရခဲ့ပါက ဆီမီးဖိုင်နယ်ကို တက်ရောက်ရမည်ဖြစ်သည်။

 

ပြိုင်ပွဲကို အုပ်စု သုံးခု ခွဲထားပြီး အုပ်စု သုံးခုမှ အုပ်စု ပထမရ သုံးသင်း၊ အကောင်းဆုံး အုပ်စု ဒုတိယ တစ်သင်း၊ စုစုပေါင်း လေးသင်းက ဆီမီးဖိုင်နယ် အဆင့်တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။

 

ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် (၁၃)ရက်နေ့တွင်  ကျင်းပမည်ဖြစ်ပြီး အုပ်စု (ခ) ပထမနှင့် အုပ်စု(ဂ) ပထမ၊ အုပ်စု(က) ပထမနှင့် အကောင်းဆုံးအုပ်စု ဒုတိယ အသင်းတို့ ကစားကြရမည်ဖြစ်သည်။

ဗိုလ်လုပွဲကို ဇူလိုင် (၁၅) ရက်နေ့၌ ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။

အုပ်စု မဲခွဲမှုအရ အုပ်စု(က)တွင်  အိမ်ရှင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ တီမောအသင်းတို့ ကစားရမည်ဖြစ်ပြီး အုပ်စု (ခ)တွင် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ အသင်းတို့ ယှဉ်ပြိုင်ကစားကြရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က  ထုတ်ပြန်ထားသည်။

 

YMG/my
#YMG #Yangon_times