Published 28 October 2021

ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်မြို့နယ်၊(၉)ရပ်ကွက် ၄၈ လမ်း အလယ်ဘလောက်ရှိ ကမ္ဘောဇဘဏ် အား ဓါးပြတိုက်သွားသူများ အပါအဝင် ဆက်စပ်သူများကို ဖမ်းဆီးရမိတယ်လို့ သက်ဆိုင်ရာက အောက်တိုဘာ ၂၇ ရက် ညပိုင်းကသတင်း ထုတ်ပြန်လိုက်ပါတယ်။

 

အောက်တိုဘာ၂၂ရက်နေ့လယ်၁၂နာရီခွဲခန့်ကဗိုလ်တထောင်မြို့နယ် ၊ (၉)ရပ်ကွက် ၄၈ လမ်း၊ အလယ်ဘလောက်ရှိ ကမ္ဘောဇဘဏ်ခွဲ၌ FF/6532(အဖြူရောင်)ယာဉ်ဖြင့် Mask တပ်ဆင်ထားသည့် ကျား ၄ ဦးမှ ဘဏ်လုံခြုံရေးဝန်ထမ်းအား သေနတ်ဖြင့် ချိန်ရွယ်ကာ ဘဏ်အတွင်းတွင် အသင့်စောင့်နေသော ကျား ၁ ဦးနှင့်ပေါင်း၍ ငွေကျပ်သိန်း ၃၀၀၀ ကျော်နှင့် ဖုန်း ၅ လုံးအား ယူဆောင်ပြီး ပြန်လည်ထွက်ခွာသွားတဲ့ ဘဏ်ဓါးပြတိုက်မှု ဖြစ်စဉ်နဲ့ပတ်သတ်ပြီး ဖမ်းဆီးရမိမှု

ကို သတင်းထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် ဓားပြတိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်ခဲ့ရာ အောက်တိုဘာ ၂၂ ရက် ညနေ ၃ နာရီ ၄၀ မိနစ်ခန့်တွင် ဓားပြတိုက်ရာတွင် အသုံးပြုသည့် FF/6532 Fielder (အဖြူရောင်) ယာဉ်မောင်း ဖြစ်သူ ဝင်းမော်ဦး (၄၃) နှစ်အား ဒဂုံဆိပ်ကမ်းမြို့နယ် ၊ ၁၆-လမ်းထိပ်၌ ကားငှားရမ်းခ ရရှိငွေ၂သိန်းကျပ်နှင့်အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

 

အောက်တိုဘာ ၂၃ ရက်တွင် ပုဇွန်တောင်မြို့နယ် ၊ (၉) ရပ်ကွက်၊ အိမ်ကြီးလမ်းနေအိမ်၌ ရဲနိုင်ဦး (၂၉) နှစ်အား နေအိမ်ဧည့်ခန်း မျက်နှာကျက်အပေါ်တွင် သိမ်းဆည်းထားသော ငွေကျပ် ၁၆၀၃ သိန်းနှင့် လည်းကောင်း၊ လမ်းမတော်မြို့နယ် (၄) ရပ်ကွက်ရှိ Amico Del Myanmar Hotel ၌ ဟန်ဝင်းထွဋ် (၂၁) နှစ်အား ငွေ ၃၂၅၀၀၀ ကျပ်နှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ထို့ပြင်  တရားခံ ဟန်ဝင်းထွဋ်၏ ထွက်ဆိုချက်အရ အောက်တိုဘာ ၂၄ ရက်တွင် ပုဇွန်တောင်မြို့နယ်၊ တာဝတိံသာလမ်းရှိ Ocean Super Market ဓာတ်လှေကားအပေါ် အဖုံးအတွင်း၌ ငွေကျပ် ၄၀၀ သိန်းခန့်အား လည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက် ၊ (၆)လမ်း၌ ဒိုပေါက်(ခ) အောင်ဟိန်း (၂၅) နှစ်အား လည်းကောင်း၊  ပုဇွန်တောင်မြို့နယ်၊ (၂) ရပ်ကွက်၊ (၅၇)လမ်းရှိ တရားခံ ဟန်ဝင်းထွဋ်၏ နေအိမ်မှ CZ 75 ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၃ တောင့်နှင့် လက်လုပ်မိုင်း ၁ လုံးအား လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ လှိုင်ထိပ်တင် လက်ဖက်ရည်ဆိုင်၌ သန်းနိုင် (၄၃) နှစ်အား ငွေ ၈၈၀၀၀၀ ကျပ်နှင့် လည်းကောင်း၊ ညောင်တုန်းမြို့နယ်၊ ကျုံတမာအုပ်စု၊ ဖောင်ရိုးချောင်း ကျေးရွာရှိ ကေခိုင်ဦး တည်းခိုခန်း၌ အောင်ကိုလတ် (ခ) အရှည်ကြီး (၂၆) နှစ် နှင့် ကျော်ကျော်နိုင် (ခ) ဆံရှည် (၂၆) နှစ်တို့ နှစ်ဦးအား ငွေ ၁၉၉၅၀၀၀ ကျပ်နှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် နှစ်စီးတို့နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

 

တရားခံ ရဲနိုင်ဦး၏ ထွက်ဆိုချက်အရ အောက်တိုဘာ ၂၄ ရက်တွင် ပုဇွန်တောင်မြို့နယ်၊ (၉) ရပ်ကွက်၊ အိမ်ကြီးလမ်း နေအိမ်၌ ၎င်း၏ မိခင်ဖြစ်သူ တင်တင်မူ (ခ) အေးအေးမူ အား ဖမ်းဆီးရမိခဲ့ပြီး တရားခံ တင်တင်မူ (ခ) အေးအေးမူ၏ ထွက်ဆိုချက်အရ ဗဟန်းမြို့နယ်၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်း ၊ Delta Plaza ၊ အမှတ် (၀၀၄) နေအိမ်၌ ငွေကျပ် ၄၄၀ သိန်း နှင့် ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းဟောင်း၊ အမှတ်(၁၁၈/ဒီ) ရှိ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးဆိုင်၌ ငွေကျပ်သိန်း ၁၀၀ အား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 အောက်တိုဘာ ၂၅ ရက်တွင် ဗိုလ်တထောင်မြို့ နယ်၊ မဟာဗန္ဓုလလမ်း၌ ဝဏ္ဏအောင် (၁၈) နှစ်အား  ဖမ်းဆီးရမိခဲ့ပြီး ဝဏ္ဏအောင်၏ ထွက်ဆိုချက်အရ ၎င်းနေထိုင်သည့် ဒေါပုံမြို့နယ်၊ ယမုံနာ (၁) ရပ်ကွက်၊ အောင်မေတ္တာကမ်းနားလမ်း၊ အိမ်အမှတ် (၃၃၆) မှ လက်လုပ်ဗုံး နှစ်လုံး သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

 

တရားခံ အောင်ကိုလတ် (ခ) အရှည်ကြီး နေထိုင်သည့် ရွှေပြည်သာမြို့နယ်၊ (၉) ရပ်ကွက်၊ ပန်းခြံ (၄) ၊ ရတနာသိင်္ဂါပတ်လမ်း၊ အမှတ် (၁၇၅/ခ) ၌ ငွေကျပ် ၇၅ သိန်းနှင့် ကျော်ကျော်နိုင် နေထိုင်သည့် ရွှေပြည်သာမြို့နယ်၊ (၉) ရပ်ကွက်၊ မဟာမြိုင်လမ်း၊ အမှတ်(၂၇၂/ခ) ၌  ငွေကျပ် ၃၅ သိန်းတို့အား သိမ်းဆည်းရမိခဲ့ပြီး တရားခံ ကျော်ကျော်နိုင် (ခ) ဆံရှည်၏ ထွက်ဆိုချက်အရ အောက်တိုဘာ ၂၆ ရက်တွင် ရွှေပြည်သာမြို့ နယ် ၊ (၂၀) ရပ်ကွက်၊ မကွေး ၆ လမ်း၊ အိမ်အမှတ် ၈၂ ၌ အာကာမင်း (၂၃) နှစ်အား ငွေကျပ် ၁၁ သိန်းဖြင့် ဖမ်းဆီးရမိခဲ့တယ်လို့

သိရပါတယ်။

 

ထို့ပြင်  တရားခံ ဟန်ဝင်းထွဋ်၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၇ ရက်တွင် လသာမြို့နယ်၊ ၂၃ လမ်း၌ နေဆန်း (ခ) နေသူရိန်ထက် (၃၂) နှစ်အား ငွေကျပ်သိန်း ၁၀၀ ဖြင့် လည်းကောင်း၊ ကိုဖြိုး (ခ) အေးချမ်းဖြိုး (၁၉) နှစ်အားကော့မှူးမြို့နယ် “တို့လယ်တော” စားသောက်ဆိုင်၌ ငွေကျပ်၁၆သိန်းဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

  ဘဏ်ဓားပြတိုက်ရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် အောက်တိုဘာလ ၂၀ ရက်တွင်မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ၆ လမ်း၊ ၇ ထပ်တိုက်၊ ဒုတိယထပ်၊ ဝဲဘက်အခန်းတွင် လည်းကောင်း၊ အောက်တိုဘာ ၂၁ ရက်တွင် ဒေါပုံမြို့နယ်၊ ဗန္ဓုလလမ်းရှိ ပြင်ဆင်ဆဲ Ocean ကုန်တိုက် ၁၂ လွှာတွင် လည်းကောင်း တွေ့ဆုံခဲ့ပြီး သန်းနိုင်မှ တက္ကစီ ယာဉ်မောင်းအား ပြန်ပေးဆွဲထားရန်နှင့် ဟန်ဝင်းထွဋ်မှ ဘဏ်အတွင်း ဦးစွာ ဝင်ရောက်၍ အခြေအနေကြည့်ရန်၊ ဒိုပေါက် (ခ) အောင်ဟိန်းမှ ဝင်/ထွက် တံခါးအဖွင့်/အပိတ် ဆောင်ရွက်ရန်၊ ကျော်ကျော်နိုင် (ခ) ဆံရှည် မှ ဝန်ထမ်းများ၏ ဖုန်းသိမ်းဆည်းရန်၊ အောင်ကိုလတ် (ခ) အရှည်ကြီးမှ သေနတ်ဖြင့် ခြိမ်းခြောက်ရန်၊ နေဆန်း (ခ) နေသူရိန်ထက် မှ တက္ကစီယာဉ်အား မောင်းနှင် ပို့ဆောင်ရန်နှင့် ရဲနိုင်ဦး မှ ၃၈ လမ်းတွင် လာရောက်ကြိုရန်နှင့်လုံခြုံရေးအဖွဲ့ဝင်များအား အာရုံလွှဲရန် ဝဏ္ဏအောင်အားပုဇွန်တောင်မြို့နယ်ရဲစခန်းနှင့် နီးသော မီးပွိုင့် နှစ်ခုအား ဖောက်ခွဲရန် စေခိုင်းခဲ့ကြောင်း သိရပါတယ်။

 

ဖမ်းဆီးရမိ တရားခံများအနေဖြင့် ဓားပြတိုက်ရာတွင် ရရှိသောငွေများအား Ocean Center ရှိ ဓာတ်လှေခါး၏ မျက်နှာကျက်ပေါ်တွင် သိန်း ၄၀၀ ကျပ်ထားရှိပြီး ရဲနိုင်ဦး၏ မိခင် တင်တင်မူ (ခ) အေးအေးမူ ထံတွင် ငွေကျပ် ၂၁၄၃ သိန်းအား အပ်နှံကာ ကျန်ငွေများအား အသီးသီး ခွဲဝေယူခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး

ဘဏ်ဓားပြတိုက်မှုဖြစ်စဉ်တွင် တရားခံ ကျား ၁၁ ဦး ၊ မ တစ်ဦး ၊ ပေါင်း  ၁၂  ဦး၊ ဓားပြတိုက်ရာတွင် အသုံပြုသည့်  CZ 75 D အမျိုးအစား ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည် သုံးတောင့်၊ လက်လုပ်မိုင်း ၃ လုံး၊ မော်တော်ယာဉ် နှစ်စီး၊ လိုင်စင်မဲ့ မော်တော် ဆိုင်ကယ် နှစ်စီးနှင့်အတူ ဓားပြတိုက် ယူဆောင်သွားခဲ့သော ငွေကျပ် ၂၈၁၄သိန်းအားပြန်လည်သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။