#Local_News
Published_ 23 May 2023

ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအား ပြန်လည်ပြုပြင်ထိန်းသိမ်းမှုများကို သမိုင်းမှတ်တမ်းမှတ်ရာများ၊ မြေနန်းပြသာဒ်မှတူးဖော်ရရှိသည့် ရှေးလက်ရာများအတိုင်း ဆောင်ရွက်ရန် နစက ဥက္ကဌက ပြောကြားခဲ့သည်။

 

မေလ ၂၂ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပဲခူးတိုင်းဒေသကြီးခရီးစဉ်အတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ပြတိုက်သို့ လာရောက်လေ့လာသူများ အလွယ်တကူ လေ့လာနိုင်ရေး ခေတ်နှင့်လျော်ညီစွာ ခင်းကျင်းပြသထားရှိရန်၊ ဘုရင့်နောင် မင်းတရားကြီး စီးနင်းအသုံးပြုခဲ့သည့် ရထားတော်ကြီးကို မူလအရွယ်အစားအတိုင်း ရှေးမူမပြတ်ပြန်လည် တည်ဆောက်၍ ပြသထားရန်၊ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအတွင်း သန့်ရှင်းသာယာလှပစေရေး အမြဲမပြတ်ဆောင်ရွက်နေရန်၊ဟံသာဝတီမြို့တော်ဟောင်းနေရာကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးတာဝန်ရှိသူများ အနေဖြင့် ဆောင်ရွက်ရန် တို့ကို ပြောကြားခဲ့ကြောင်းလည်း သိရသည်။

 

ယင်းအပြင် ကမ္ဘောဇသာဒီရွှေနန်းတော်အတွင်း ယခင်မြေနန်းပြသာဒ်ဆောင်နေရာမှ တူးဖော်ရရှိသည့် ကျွန်းတိုင်များကိုပြသထားရှိမှု၊ နန်းတော်အား ပြန်လည်ပြုပြင်ထိမ်းသိမ်းရန်ဆောင်ရွက်လျက်ရှိမှု၊ နန်းတော်ပြတိုက်အတွင်း ရှေးဘုရင်များအသုံးပြုခဲ့သည့် အသုံးအဆောင် ပစ္စည်းများပြသထားရှိမှုများ၊ဟံသာဝတီရှေးဟောင်းသုတေသန ပြတိုက်အတွင်း ခင်းကျင်းပသထားသည့်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များနှင့် ရှေးဟောင်းအသုံးအဆောင်ပစ္စည်း များကိုလည်းကောင်း၊ ဘမရာသနပလ္လင်တော်ဆောင်အတွင်း ခင်းကျင်းထားရှိမှုများကို နစက ဥက္ကဌက ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။

 

မြန်မာသက္ကရာဇ် ၉၁၅ (အေဒီ ၁၅၅၃ )ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးသည်ဟံသာဝတီဒေသ၌ အကျယ်အဝန်း ၃၄၀၀ စတုရန်းမီတာရှိကာ မြို့ရိုးပတ်လည် တစ်ဖက်တစ်ချက်စီတွင် မြို့တံခါး ၅ ပေါက်ပါရှိပြီး စုစုပေါင်း မြို့တံခါး ၂၀ ဖြင့် တည်ဆောက်ထားသည့် ကြီးကျယ်ခမ်းနားသည့်နန်းတော်သစ်တစ်ခုကို တည်ဆောက်ခဲ့ပြီး “ကမ္ဘောဇသာဒီ”ဟု ခေါ်တွင်စေခဲ့ကြောင်း၊ မြန်မာသက္ကရာဇ် ၉၄၃ ခုနှစ်(အေဒီ ၁၅၈၁)ခုနှစ်၊ သက်တော်၆၆ နှစ်တွင် ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံခဲ့ပြီး သားတော်နန္ဒဘုရင်လက်ထက်တွင် ဟံသာဝတီမြို့ ပျက်စီးခဲ့ရကာ “ကမ္ဘောဇသာဒီ”နန်းတော်ကြီးမှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ ထို့နောက် နှစ်ပေါင်း ၄၀၀ ကျော်ခန့် အပျက်အဆီးများအောက်တွင်တိမ်မြုပ်ပျောက်ကွယ်ခဲ့ရသည့် “ကမ္ဘောဇသာဒီ”နန်းတော်ကြီးကို ရှေးဟောင်းသုတေသနဦးစီးဌာနမှ ၁၉၉၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှ ၁၉၉၇ ခုနှစ်အထိ သုတေသနပြု တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ မြေနန်းပြသာဒ်ဆောင်နေရာအား ၁၉၉၃ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင်စတင် သုတေသနပြု တူးဖော်ခဲ့ရာ မြေနန်းပြဿဒ်ဆောင်၊စနုဆောင်၊ လက်ဝဲဝင်းဆောင်နှင့် လက်ယာဝင်းဆောင်တို့၏ အုတ်ခုံပန္နက်များကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါနေရာများမှ ကျွန်းတိုင်လုံး အကြွင်းအကျန်များကိုတွေ့ရှိခဲ့ရပြီးအချို့ ကျွန်းတိုင်များတွင် ပေးပို့ဆက်သသူများ၏ အမည်များကိုရေးထိုးထားသည်ကို တွေ့ရှိရကြောင်း၊ ဘုရင့်နောင်မင်းတရားကြီး၏ မြေနန်းပြဿဒ်ဆောင်၊ လက်ဝဲဝင်းဆောင်၊လက်ယာဝင်းဆောင်နှင့် စနုဆောင်တို့ကို ပုံစံတူပြန်လည်တည်ဆောက်ရေးအတွက် တူးဖော်တွေ့ရှိရသည့် ပန္နက်ပုံ၊ မှတ်တမ်းအထောက်အထားများနှင့်ညှိနှိုင်း၍ ပုံစံတူပြန်လည် တည်ဆောက်ထားခြင်းဖြစ်ကြောင်းနှင့် ပြည်တွင်း၊ ပြည်ပမှ လာရောက်လေ့လာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ခရီးစဉ်အတွင်း ပဲခူးမြို့ နယ်၊ ဥဿမြို့သစ်၊ ပဲခူးတက္ကသိုလ်အနီးတွင် တည်ထားကိုးကွယ်သည့်နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိပြီဖြစ်သည့် သမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုကာစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်ပြီး စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ယင်း နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိပြီဖြစ်သော သမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး ၏ ရင်ပြင်တော်မှာဘုရားဖူးအများအပြားလာရောက်ပါက အဆင်ပြေနိုင်မည်မဟုတ်သောကြောင့် အထက်ပစ္စယံ၊ အလယ်ပစ္စယံနှင့် အောက်ပစ္စယံတို့ကိုတိုးချဲ့ ဆောင်ရွက်သွားရန်လိုကြောင်း နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း၊ စေတီတော်ကြီး ပုရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေး၊ ရေဝင်ရေထွက်ကောင်းမွန်ရေး၊ မွန်ဘုရားဖြစ်သည့်အတွက် မွန်လက်ရာများလည်း ပါဝင်ရန်လိုကြောင်း နှင့် နှစ်ပေါင်း ၁၀၀၀ကျော်သက်တမ်းရှိပြီဖြစ်သည့် သမိုင်းဝင်ကျိုက်ပညာယျစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံမည့် လုပ်ငန်းကဏ္ဍများ၌ ရဟန်း၊ ရှင်လူ၊ အများပြည်သူတို့ ပါဝင်ကုသိုလ်ယူနိုင်ရေးအတွက်လည်း နိဗ္ဗာန်အကျိုး မျှော်၍ နှိုးဆော်ရန်မှာကြားခဲ့ကြောင်း သိရသည်။

 

၎င်းအပြင် ပဲခူးမြို့ မဇင်းရပ်ကွက်ရှိ ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်တော်မူခဲ့သော ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီး ကိုယ်တော်တိုင်တည်ထားကိုးကွယ်ခဲ့သည့် ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး၊ “ရှင်ပင်သာလျောင်း” ခေါ် “ရွှေသာလျောင်း” ရုပ်ပွားတော်မြတ်ကြီး ၊ရွှေမော်ဓော စေတီတော်မြတ်ကြီး တို့ကို ရောက်ရှိကြပြီး စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်၍စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများကိုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ရွှေမော်ဓောစေတီတော်သမိုင်းပြတိုက် အတွင်းခင်းကျင်းပြသထားသည့် ရှေးဟောင်းလက်ရာ ဗုဒ္ဓရုပ်ပွားတော်များ၊ လက်ဝတ်ရတနာများ၊ အသုံးအဆောင်ပစ္စည်းများကို နစက ဥက္ကဌ ကြည့်ရှုပြီး ရှေးဟောင်းလက်ရာများသည် သမိုင်းကိုပြသနေခြင်းပင်ဖြစ်သည့်အတွက် မပျောက်ပျက်၊ မပျက်စီးအောင် စနစ်တကျထိန်းသိမ်းကြရန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။

#ymg/pl #Local_News #ကမ္ဘောဇသာဒီရွှေနန်းတော်ကြီး
#YMG #Yangon_Media_Group