#Local_News
Published_ 11 May 2023


ဝံသာနုပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ရာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၆)ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ငြင်းပယ်လိုက်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ထုတ်ပြန်ချက်တွင် တည်ထောင်ခွင့်ပြုရန် ကျန်ရှိသည့် ၈ ဖွဲ့အနက် ဝံသာနုပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေပါ ပုံစံ(ဂ)ဖြင့် ငြင်းပယ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နိုင်ငံရေးပါတီတည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၃ ဖွဲ့ရှိပြီး၊ ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၅ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် ၈ ဖွဲ့အနက် ဝံသာနုပါတီ၏ လျှောက်ထားချက်အပေါ် ငြင်းပယ်ထားကြောင်း၊ ကျန် ၇ ပါတီတည်ထောင်ခွင့် ကို ဆက်လက်စိစစ်နေကြောင်း သိရသည်။

 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ တွင် "(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်လုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ကို ထိန်းသိမ်းစောင့်ရှောက်ရေး။ (ခ) တရားဥပေဒစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး။ (ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး။ (ဃ) လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးခြင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှုမပြုလုပ်ရေး။ (င) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုလုပ်ရေး။ (စ) နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထေက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ သြဇာခံယူခြင်း မပြုရေး။"ဟု ပြဋ္ဌာန်းထားသည်။

 

ယင်းပြဌာန်းချက်များကို စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ခံဝန်ချက်ကို ပုဒ်မ ၅ အရ လျှောက်ထားသည့် လျှောက်လွှာတွင် ဖော်ပြရမည်ဟု ပြဌာန်းထားခြင်းလည်း ဖြစ်သည်။

 

#ymg/ynzw #Local_News #ဝံသာနုပါတီ #UEC
#YMG #Yangon-Media-Group