#Local_News
Published_ 6 May 2023


ကုန်းလမ်းသွားလာရေးခက်ခဲသည့်ဒေသများသို့ လေကြောင်းနှင့် ရေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲနိုင်ရေး ဆောင်ရွက်ရန်နစက ဥက္ကဌက မေလ ၅ ရက်က ပြုလုပ်သည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအတွင်း ပြောကြားခဲ့သည်။

 

ယင်းကနယ်စပ်ဒေသများတွင် ပညာရေးကဏ္ဍအားနည်းသည်ကိုတွေ့ရပြီး နယ်စပ်ဒေသနှင့် ကျေးလက်ဒေသများရှိကျောင်းများ အဆောက်အအုံနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဦးစားပေးဆောင်ရွက်ရန်နှင့် သင်ထောက်ကူပစ္စည်းများနှင့် ဝန်ထမ်းရေးရာပြည့်စုံရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်၊ ဆက်သွယ်မှုရရှိနိုင်ရေးဆောင်ရွက်ပေးရန်၊ တစ်နိုင်ငံလုံး ဆက်သွယ်ရေးလွှမ်းခြုံမှုရရေးလုပ်ဆောင်ရန်၊ ကုန်လမ်းသွားလာရေးခက်ခဲသည့် နေရာဒေသများသို့ လေကြောင်းလိုင်းနှင့် ရေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲနိုင်ရေး ဆောင်ရွက်ပေးသွားရန် တို့ကို ပြောကြားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

၎င်းအပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် သင်တန်းကျောင်းမှ သင်တန်းသားများအား ကျေးလက်အုပ်ချုပ်ရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေးလေ့ကျင့်ပျိုးထောင်ပေးမှသာ တိုင်းရင်းသားလူငယ်များသည် မိမိဒေသအကျိုးအတွက် အုပ်ချုပ်ရေးပိုင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

 

နစက တာဝန်ယူချိန်မှစ၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီ ကို အဖွဲ့ဝင် ၂၂ ဦး၊ လုပ်ငန်းကော်မတီကို အဖွဲ့ဝင် ၃၇ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီအနေဖြင့် လုပ်ငန်းတာဝန် ၆ ရပ်ကို အကောင်အထည်ဖော်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

အခြေခံပညာအဆင့်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ၄၇ ကျောင်း ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူ ၃၃၀၀၇ ဦး ပညာသင်ကြားပေးနိုင်ခဲ့ကာ အဆင့်မြင့်ပညာကဏ္ဍတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်အနေဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၄၀၅၈ ဦးတို့ကို မဟာပညာရေးဘွဲ့၊ မဟာဒဿနပညာရေးဘွဲ့၊ ပညာရေးဘွဲ့၊ ဆရာအတတ်ပညာဒီပလိုမာ၊ အလယ်တန်းဆရာအတတ်ပညာ၊ အထူးမူလတန်းဆရာ အတတ်ပညာ၊ မူလတန်းဆရာအတတ်ပညာများအား သင်ကြားလေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် ရန်ကုန်နဲ့ စစ်ကိုင်းတို့တွင်လည်း ကျောင်းသား၊ ကျောင်းသူ ၄၇၀၁ ဦးတိုကို ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ AGTI ၊ B.Tech ဘွဲ့များရရှိအောင် သင်ကြားလေ့ကျင့်ပေးခဲ့ပြီး ဝန်ကြီးဌာန ၁၉ ခု၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိနေပြီဖြစ်ကာ သက်မွေးပညာကဏ္ဍအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ၉ ကျောင်းဖွင့်လှစ်၍ သင်တန်းသား ၆၀၇၇ ဦးကို ဆောက်လုပ်ရေး၊ စက်ပြင်၊ လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ်စက်ပြင်၊ လက်ကိုင်ဖုန်းပြင်၊ အလူမီနီယံ၊ EFI အင်ဂျင်သင်တန်းများ ပိုချပေးနိုင်ခဲ့ပြီး အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင်အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၄၇ ကျောင်းမှာ သင်တန်းသူ ၉၅၀၂၂ ဦး သင်ကြားလေ့ကျင့်ပေးခဲ့ပြီး ပုဂ္ဂလိကအထည်ချုပ်စက်ရုံများနှင့် ကိုယ်ပိုင်လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေကြပြီဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/pl #Local_News #လေကြောင်းနှင့် ရေကြောင်းလိုင်း #တိုးချဲ့ပြေးဆွဲ
#YMG #Yangon_Media_Group