Published 29 April 2023

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်  ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များလိုက်ပါပြီး ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးတို့ကို ယနေ့ ဧပြီလ ၂၉)ရက်က သွားရောက်ဖူးမျှော်ကြည်ညိုပြီး ကျန်းမာရေးဆိုင်ရာကိစ္စတွေ မေးမြန်း လျှောက်ထားခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့သည် မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော် ကျောင်းတိုက်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ကုမာရာဘိဝံသ အား  ယနေ့ဧပြီလ(၂၉)ရက် နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပါတယ်။

အဲဒီနောက် ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားပြီး ဆေးဝါးကုသမှုပေးထားသည့် အခြေအနေများနှင့် ဆွမ်းကိစ္စ များ အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးထားသည်များကို ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများအား မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထို့အပြင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ အား ကျန်းမာရေးစောင့်ရှောက် မှုပေးထားသည့် အခြေအနေများကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ဗိုလ်ချူပ်မှူးကြီးနှင့်အဖွဲ့သည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ကျန်းမာရေး စောင့်ရှောက် မှုဆောင်ရွက်ပေးထားသည့် အခြေအနေများကိုကြည့်ရှုရာ တာဝန်ရှိသူများက ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ တင်ပြမှုတွေအပေါ် နစက ဥက္ကဋ္ဌက ဆရာ တော်ကြီး၏ ကျန်းမာရေးအခြေအနေများကို မပြတ်စောင့်ကြည့်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ကိုယ်ခံစွမ်းအားရှိစေရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး တို့ အတွက်ကိုလည်း ဆောင်ရွက်ပေးရန်နှင့် အခြားလိုအပ်သည်များကို အလေးထား မှာကြားခဲ့တယ်လို့ သိရှိရပါတယ်။

    

#ymg/knl

#ဗန်းမော်ဆရာတော်ဘုရားကြီး

#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်

#နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး