#Local_News
Published_ 18 April 2023

မြန်မာ အလုပ်သမား ၁၂၀၀ ကျော် ထပ်ခေါ်မည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။

 

အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို စိစစ် ဆောင်ရွက်ပေးလျက်ရှိရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများ ဂျပန်နိုင်ငံ၌ တရားဝင် တည်ထောင်ထားခြင်း ရှိ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

လက်ရှိတွင် မြန်မာ အလုပ်သမားများအား ထပ်မံ ခေါ်ယူမည့် ဂျပန် ကုမ္ပဏီနှင့်စက်ရုံများမှ ကမ်းလှမ်းထားသော အလုပ်ခေါ်စာ ၃၈၃ ခု ကို ဧပြီလ ၁ ရက်က ၁၈ရက်ထိ စိစစ်ခဲ့ကြောင်း၊ယင်းတွင် လုပ်ငန်းကဏ္ဍစုံအတွက် ကမ်းလှမ်းထားခဲ့သည့်အလုပ်သမားဦးရေ ၁၂၅၈ ဦးရှိကြောင်း သိရသည်။

 

ယင်းအရေအတွက်မှာ ကိုဗစ် ကာလ နောက်ပိုင်း ခေါ်ယူသည့်အလုပ်သမားများထဲတွင် အရေအတွက် အများဆုံး ဖြစ်ကြောင်း၊ခေါ်ယူသည့် အလုပ်အမျိုးအစားများမှာသင်တန်းသားလုပ်သားများ၊ ကျွမ်းကျင်လုပ်သားအများအပြားပါဝင်ကြောင်း၊ စိုက်ပျိုးရေး၊ စားသောက်ကုန်ဝန်ဆောင်မှုနှင့်သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာ လုပ်ငန်းများ ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Local_News #မြန်မာအလုပ်သမား #ဂျပန်ထပ်ခေါ်
#YMG #Yangon_Media_Group