Published _17 April 2023

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ပိတ်ပွဲအခမ်းအနားကို ယနေ့ ဧပြီလ ၁၇ ရက်  မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပိတ်ပွဲအခမ်းအနားသို့ မန်းရွှေစက်တော် ဘုရားဩဝါဒါစရိယ ဆရာတော်ကြီးများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊တိုင်းရင်းသားရေးရာဝန်ကြီး နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း၊မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများက အောက်စက်တော်ရာနှင့် အထက်စက်တော်ရာ ပါဒစေတီတော်နှစ်ဆူအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် တာဝန်ရှိသူများက မန်းရွှေစက်တော်ဘုရား ပါဒစေတီတော်နှစ်ဆူအား နမ္မဒါရေစင်သွန်းဖျန်း၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခဲ့ကြပြီး အောက်ခြေတော်ရာ ပါဒစေတီတော် အလင်းပေါက် ဖန်အုပ်ဆောင်းတော်အား စက်ခလုပ်နှိပ် ပိတ်သိမ်းခြင်းနှင့် အထက်စက်တော်ရာ ပါဒစေတီတော် ခြေတော်ရာသံတံခါးအား ပိတ်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် ပါဒစေတီတော်နှစ်ဆူ ခြေတော်ရာပိတ်သိမ်းပွဲ အောင်မြင်ခြင်း အထိမ်းအမှတ်အလှူတော်ကို မန်းရွှေစက်တော်ဘုရား သုံးထပ်ဆောင် သာသနာ့ဗိမ္မာန်တော်၌ ဆက်လက်ကျင်းပခဲ့ကြကြောင်း ၊ယနေ့သည် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သောကြောင့် နှစ်ဦးကုသိုလ်အဖြစ် မန်းရွှေစက်တော်ဘုရား မန်းချောင်းအတွင်း ဇီဝိတဒါန ငါးလွှတ်ကုသိုလ်ပြုခဲ့ကြသေးကြောင်းလည်း သိရသည်။

မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကာ ပွဲတော်စတင်ဖွင့်လှစ်ခဲ့သည့်နေ့မှစ၍ ယနေ့အထိ ဘုရားပွဲကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ရဟန်းရှင်လူ မိဘပြည်သူပေါင်း ငါးသိန်းခန့်၊မော်တော်ယာဉ်အစီးရေပေါင်း ၅၆၀၀၀ ကျော် လာရောက် ခဲ့ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့၏စာရင်းများအရ သိရသည်။

Photo-Maung Maung (Minbu)

ymg/mt

Yangon_Media_Group

#မန်းရွှေစက်တော်

#မန်းရွှေစက်တော်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ပိတ်ပွဲ