#Local_News
Published_6 April 2023

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့ သစ်တောင်ပိုင်းမြို့ နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား မျက်စိကု ဆရာဝန်ပါရဂူကြီးများက ဧပြီလ ၅ ရက် နံနက်ပိုင်းက စ၍ သီတဂူစက္ခုဒါနဆေးရုံတော်ကြီး၌ အခမဲ့ စမ်းသပ်ကုသပေးနေကြောင်း သိရသည်။

 

ယင်းကို နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်သာသနာ ပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ဆရာတော် ကြီး ဦးဆောင်ကြီးကြပ်မှုဖြင့် ဆောင်ရွက် ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

 

မျက်စိအခမဲ့စမ်းသပ်ကုသပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပထမ အကြိမ်စတင်ကုသပေးခြင်းဖြစ်ပြီး ဒဂုံမြို့ သစ် ၄ မြို့နယ်မှ မျက်စိဝေဒနာရှင်များအား မျက်စိ ကုကျွမ်းကျင်ဆရာဝန်ပါရဂူကြီးများက ပထမနေ့အဖြစ် အခမဲ့စမ်းသပ် ကုသပေးသူ ၃၄၄ ဦး၊ ခွဲစိတ်ကုသပေးရန် ၉၆ ဦးရှိကြောင်း၊ လာရောက်ဆေးကုသမှုခံယူသူများ အား အာဟာရဒါနကျွေးမွေးခဲ့ကြောင်းနှင့် ကုသမှုများကို ဧပြီ ၁၀ ရက်အထိ အခမဲ့စမ်းသပ် ကုသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သီတဂူဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ သီတဂူစက္ခုဒါနဆေးရုံ ၄၄ ရုံ ဖွင့်လှစ်ပြီး မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ ၁၉၉၉ ခုနှစ်၊ ဧပြီလမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ မျက်စိစမ်းသပ်ကုသခံယူသူ ၅၄၈၅၀၄ ဦးနှင့် မျက်စိခွဲစိတ်ကုသမှု ခံယူသူ ၁ဝ၅၂၃၄ ဦး ရှိကြောင်း သတင်းရရှိသည်။

ymg/mt
#Local_News #ဒဂုံမြို့သစ် #မျက်စိဝေဒနာရှင် #အခမဲ့စမ်းသပ်ကုသ
#YMG #Yangon_Media_Group