#Local_News
Published _6 April 2023

၂၀၂၄ ပါရီ အိုလံပစ်၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ အာရှဇုန်(ပထမအဆင့်)၊ ခြေစစ်ပွဲ (ပထမ အကျော့)အဖြစ် မနေ့က ဧပြီလ ၅ ရက်၊ ညနေ ၄နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အီရန်အမျိုးသမီး လက်ရွေးစင်အသင်းက မြန်မာအမျိုးသမီး လက်ရွေးစင် အသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။

ပွဲချိန် ပထမပိုင်းတွင် မြန်မာအသင်းက ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့သော်လည်း ဝင်းသိင်္ဂီထွန်း၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်းတို့၏ ဂိုးရရှိရေး ကြိုးစားမှုများ အဆုံးသတ်ပိုင်း သေချာခြင်းမရှိခြင်း၊ မြတ်နိုးခင်၏ အပိုင်ကန်သွင်းချက်နှင့် ဝင်းသိင်္ဂီထွန်း၏ ခေါင်းတိုက်သွင်းချက်များကို အီရန်ဂိုးသမား ကာကွယ်ခြင်းတို့ကြောင့် ဂိုးမရှိ သရေကျနေခဲ့သည်။

ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ကစားသမား အပြောင်းအလဲများပြုလုပ်ခဲ့ပြီး ပွဲချိန် (၅၂)မိနစ်တွင် ကျောနံပါတ် (၇) Chatrenoor က ခေါင်းတိုက်ကာ အီရန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မြန်မာအသင်းက ချေပဂိုးရရှိရေး ကြိုးစားခဲ့သော်လည်း ဝင်းသိင်္ဂီထွန်း ကန်သွင်းချက် အီရန်ဂိုးသမား ကာကွယ်ခဲ့ခြင်း၊ ပုံ့ပုံ့ပြည့်မောင် အဝေးကန်ချက် ဘားတန်းထိထွက်ခြင်းတို့ကြောင့် အရူံးဖြင့် ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။

မြန်မာ အမျိုးသမီး လက်ရွေးစင်အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး-မေဇင်နွယ်၊ မိုးမမစိုး၊ ဇွန်ယုယဦး၊ ရူပါခင်၊ နော်ထက်ထက်ဝေ၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ ဖြူဖြူဝင်း၊ မြတ်နိုးခင် တို့ ပါဝင်ကစားခဲ့ကြသည်။

မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းအနေဖြင့် ဧပြီလ၈ ရက်၊ ညနေ ၄ နာရီတွင် ခြေစစ်ပွဲ (ဒုတိယ အကျော့)အဖြစ် အီရန်အသင်းနှင့် ဆက် လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

ymg/mt
#Local_News #အိုလံပစ်ခြေစစ်ပွဲ #မြန်မာအသင်း
#YMG #Yangon_Media_Group