#local_news
Published_ 2 April 2023

မကွေးမြို့အနီး အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နေရောင်ခြည်စွမ်းအင်နှင့်သဘာဝဓာတ်ငွေ့အင်ဂျင် ပေါင်းစပ်သုံး(Solar+Gas Engine Hybrid) စက်ရုံကိုဒီဇင်ဘာလတွင် ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မကွေးမြို့အနီးရှိ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+Gas Engine Hybrid)ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

 

မကွေးမြို့အနီးရှိ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ ရောက်ရှိရာ ကုမ္ပဏီတာဝန်ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြပါတယ်။

 

တင်ပြမှုများအပေါ် ဝန်ကြီးကသတ်မှတ်ရက်များတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေသည်များရှိ၍ ယခုတွင်တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ပြီး ထပ်မံသတ်မှတ်ထားသည့်ရက်များတွင် လျှပ်စစ်မီးထုတ်လုပ်နိုင်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။

 

ယင်းသို့ထုတ်လုပ်နိုင်ရန်အတွက် ရောက်ရန်ကျန် စက်ပစ္စည်းများကိုလည်း အမြန်ဆုံးရောက်ရှိအောင်ဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားပါတယ်။

 

ထို့နောက် စီမံကိန်းလုပ်ငန်းခွင်အတွင်း မြေပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ Engine Foundation လုပ်ငန်းများဆောင်ရွက်နေမှု၊ ဓာတ်အားပေးစက်များရောက်ရှိနေမှု၊ Construction Power တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် စီမံကိန်းအဝင်လမ်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

 

အဆိုပါ ၁၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်သည့် နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ အင်ဂျင်ပေါင်းစပ် သုံး (Solar+Gas Engine Hybrid) ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မကွေးတိုင်းဒေသကြီး မကွေး မြို့နယ် သပြေစမ်းကျေးရွာအနီးရှိမြေဧရိယာ ဧက ၄၉၀ ပေါ်တွင် တည်ဆောက်လျက်ရှိပြီး စက်တပ်ဆင်အင်အားမှာ ၁၂၀ မဂ္ဂါဝပ်ဖြစ်ပါတယ်။

 

စီမံကိန်းတစ်ခုလုံး ပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ မကွေးပင်မဓာတ်အားခွဲရုံမှတစ်ဆင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးသွား မှာဖြစ်ပါတယ်။

 

မကွေးတိုင်းဒေသကြီး၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများ ထပ်မံထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။


ymg_mnn
#မကွေးမြို့ #နေရောင်ခြည်စွမ်းအင်နှင့်သဘာဝဓာတ်ငွေ့အင်ဂျင် #ဓာတ်အားပေးစက်ရုံစီမံကိန်း
#YMG #Yangon_Media_Group