Published 1 April 2023

မြန်မာနိုင်ငံတွင် ပညာရေးတွင် လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်သည် ပဉ္စမတန်းအောက်သာရှိသည့်အတွက် နိုင်ငံအတွက်အန္တရာယ်ရှိသည့် အနေအထားဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။

ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မတ်လ ၃၁ရက် မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အဲဒါကြောင့်  နစက အနေဖြင့် တစ်နိုင်ငံလုံး၏ ပညာရေးကဏ္ဍမြှင့်တင်နိုင်ရေးအတွက် KG + 9 အထိ မသင်မနေရစနစ်ဖြင့် သင်ကြားပေးလျက်ရှိတယ်လို့ ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း အခြေခံပညာတတ်မြောက်မှုနှင့် တန်းစဉ်ကူးပြောင်းမှုများလည်းနည်းပါးသည်ကို တွေ့ရှိရတဲ့အတွက်  ပညာရေးမှာ ကွာဟချက်ကြီးမားနေတာကြောင့် ပညာရေးအားနည်းပါက အသိအမြင်နှင့် အတွေးအခေါ်များသည်လည်း အားနည်းလာမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ချင်းနှင့် ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုကို အားနည်းစေမည်ဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌကဆက်လက်ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်သည် ကောင်းမွန်သည့် ရေခံမြေခံများကို ပိုင်ဆိုင်ထားပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေမှာဖြစ်တဲ့အတွက်  လူသားအရင်းအမြစ်ကောင်းများ လိုအပ်နေတယ်လို့လည်း နစက ဥက္ကဋ္ဌကဆက်လက်ပြောဆိုပါတယ်။အဲဒါကြောင့် လူသားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် နည်းပညာအထက်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းနှင့် အဆိုပါ သင်တန်းကျောင်းများမှ အောင်မြင်ပြီးသူများအနေဖြင့် စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံနှင့် နည်းပညာသိပ္ပံများသို့ ဆက်လက်တက်ရောက်နိုင်ပြီး ယင်းမှတစ်ဆင့် သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များသို့ ဆက်လက်ပညာသင်ကြားနိုင်မည်ဖြစ်တယ်လို့လည်း သူကပြောဆိုတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါတွေ့ဆုံပွဲအတွင်းမှာ တာဝန်ရှိသူတွေက စစ်တွေကွန်ပျူတာ တက္ကသိုလ်၊ စစ်တွေနည်းပညာတက္ကသိုလ်တို့တွင် ကျောင်းသား၊ ကျောင်းသူအဆောင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးစေလိုတဲ့ကိစ္စတွေကို နစက ဥက္ကဋ္ဌထံတင်ပြခဲ့ကြတယ်လို့သိရှိရပါတယ်။

-ymg/knl

#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်

#နစကဥက္ကဋ္ဌစစ်တွေတွင်ပြည်နယ်အဆင့်တာဝန်ရှိသူများနှင့်တွေ့ဆုံ

#YAngonMediaGroup