#LocalNews
Published-22 March 2023

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ နေအိမ်တစ်အိမ်တွင် အမျိုးသားတစ်ဦး
အိမ်သာကျင်းအသစ်အား ပြုပြင်ရန်ကျင်းထဲဆင်းစဉ် အောက်ဆီဂျင်ပြတ်လတ်၍ သေဆုံးခဲ့ကြောင်း လေးဝတီကုလရက္ခိတပရဟိတအသင်းက သိရသည်။

ကျောက်ဖြူမြို့၊ စိုင်ခြုံကျေးရွာမှ လက်သမားလုပ်ကိုင်သူ ဦးချစ်လွင်သည် မတ်လ ၂၀ ရက် နံနက် ၉ နာရီအချိန်ခန့်က စေတီတောင်ရပ်ကွက်၊ ခေမာလမ်းရှိ ၎င်းအလုပ်လုပ်ကိုင်နေသည့် ဦးကျော်ဝင်း၏နေအိမ်တွင် အိမ်သာကျင်းအသစ်လောင်းရာ၌ ကွန်ကရစ် အဖုံးတွင်ထည့်ထားသည့် သစ်သားဒေါက်တိုင်များဖြုတ်ယူရန် ကျင်းအတွင်းသို့ဆင်းချိန်တွင် အောက်ဆီဂျင်ပြတ်လတ်မှုဖြစ်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

"အိမ်သာကျင်းက လူတစ်ကိုယ်စာအပေါက်ဖွင့်ထားတာ။ လေမရဘူး။ ပြီးတော့ကျင်းအောက် မှာလည်း ရေက တစ်ပေလောက်ရှိတယ်။ အဲဒီ
အိမ်သာတွင်းအသစ်လောင်းရာမှ ထည့်ထားတဲ့ ဒေါက်တိုင်တွေကို ဆင်းဖြုတ်တဲ့ချိန် အောက်ဆီဂျင်ပြတ်လတ်ပြီး သေဆုံးမှုဖြစ်ခဲ့တာ"ဟု  လေးဝတီကုလရက္ခိတပရဟိတအသင်းတာဝန်ရှိသူကဆိုသည်။

ယင်းအပြင် သေဆုံးသူအမျိုးသားအား ဆင်းကယ်ခဲ့သည့် အမျိုးသား၃ဦးမှာလည်း ကျင်းပေါ်ပြန်အရောက်တွင် သတိလစ်ခဲ့ကြောင်းသိရသည်။
#ymg/mt
#Yangon-Media-Group