#Local_News
Published_ 17 March 2023

 

ပြည်တွင်းပဋိပက္ခများချုပ်ငြိမ်းရေးအတွက် တရုတ်ကြားဝင်ဆောင်ရွက်ပေးမှုကို FPNCC ကြိုဆိုထောက်ခံကြောင်း မတ်လ (၁၅) ရက် မှ (၁၆) ရက်ထိ “ဝ”ပြည်နယ်၊ ပန်ခမ်းမြို့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) လုပ်ငန်းအစည်းအဝေး အပြီးတွင် FPNCC က ထုတ်ပြန်လိုက်သည်။

 

FPNCC အဖွဲ့ဝင် (၇) ဖွဲ့ဖြစ်သော “ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ ကချင်လွတ်လပ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်း/ရှေ့ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ(MNTJP)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး(PSLF) တို့မှ ခေါင်းဆောင်များ က အဆိုပါ အစည်းအဝေးကို တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

 

ယင်း အစည်းအဝေးတွင် မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသားလူမျိုးများ အနေဖြင့် ဗမာပြည်မနှင့် အလုံးစုံ ငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ကို တည်ထောင်ကြရမည်ဟု ယူဆကြောင်း၊ ၎င်းအယူအဆကို အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံရှိနေသော်လည်း နောက်ဆုံးတွင် မိမိတို့လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

 

ပြီးခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတောအတွင်း အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်နိုင်စေရန် ပေးခဲ့သော နှောင်ကြိုးမဲ့အကူအညီများ အပေါ်လည်း တရုတ်အစိုးရကို ကျေးဇူးအထူးတင်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန်တွင်လည်း FPNCC အနေဖြင့် တရုတ်အစိုးရနှင့် ဆက်လက် လက်တွဲပြီး နယ်စပ်ဒေသတည်ငြိမ်ရေးကို တိုးမြှင့်ဆောင်ရွက်ရင်း ကျန်းမာရေး၊ လူမှုရေးနှင့် လူဝင်မှု၊ ကုန်သွယ်ကူးသန်းသွားလာရေးအပိုင်းနှင့် တခြားသော ကဏ္ဍအသီးသီး၌လည်း ပူးပေါင်းလုပ်ဆောင်သွားကြမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

#ymg/mt #Local_News #ပဋိပက္ခ # FPNCC #YMG
#Yangon_Media_Group