Published 16 March 2023

ဘင်္ဂလီတွေကို မြန်မာနိုင်ငံသို့ ပြန်လည်လက်ခံနိုင်ရေး ရှေ့ပြေးစီမံချက် အကောင်အထည်ဖော်နိုင်ဖို့အတွက် မြန်မာနိုင်ငံ နစကရဲ့ တာဝန်ရှိသူအဖွဲ့တစ်ဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂလီဒုက္ခသည်စခန်းကိုရောက်ရှိနေတယ်လို့ ဒါကာမှလာတဲ့ သတင်းအရင်အမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက သတင်းရေးသားပါတယ်။

ကော့ဘဇားမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်များကယ်ဆယ်ရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မရှင်နာ မိုဟာမက်မီဇာနာရာမင်းကာ “အဲဒီရှေ့ပြေးစီမံချက်အရ မြန်မာနိုင်ငံကိုပြန်လည် ပို့ဆောင်ပေးမယ့် ဘင်္ဂလီ ၁၁၄၀ ဦးရှိပြီး အဲဒီအထဲက ၇၁၁ ဦးဟာ ဆောင်ရွက်စရာကိစ္စတွေရှင်းလင်းပြီးစီးပြီးဖြစ်တယ်”လို့  ရိုက်တာသတင်းဌာနကို ပြောပါတယ်။

မွေးဖွားစကလေးငယ်တွေအပါအဝင် ကျန်တဲ့ ၄၂၉ ဦးကိစ္စလည်း ဆက်လက်ဆောင်ရွက်နေတယ်လို့ သူကပြောပါတယ်။

“ သူတို့ကိုပြန်ပို့ပေးဖို့ ကျွန်တော်တို့အဆင်သင့်ဖြစ်ပြီ” လို့သူကပြောပါတယ်။ ဒါပေမယ့် ဘယ်တော့လည်းဆိုတာတော့ ထည့်မပြောသွားပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယောင်ဝန်းက “ တရုတ်နိုင်ငံက စေ့စပ်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ပေးနေပြီး ဘင်္ဂလီပထမအသုတ်ကို မကြာမီမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးမှာဖြစ်တယ်” လို့ ပြောကြားတယ်လို့ ဘင်္ဂလားဒေ့ရှ် ဆန်းဘက်ဆန်ဆသာ သတင်းဌာနက သတင်းရေးသားပါတယ်။

Source: Reuters

#ဘင်္ဂလီဒုက္ခသည်

#မြန်မာနိုင်ငံသို့ဘင်္ဂလီဒုက္ခသည်များပြန်ပို့ရေးရှေ့ပြေးစီမံချက်

#YangonMediaGroup