#Local_News
Published_ 22 February 2023

 

ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်း တည်ရှိသော "ကန်ပိုက်တီ"မြို့၏ အမည်နာမ မှာ ကောင်းသော နိမိတ်မရှိဟုဆိုကာ "ကံပိုင်တည်" ဟု ပြောင်းလဲကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ(၁၄) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၁၀/၂၀၂၃)ဖြင့် အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ထားသည်။

 

တရုတ်ဘာသာစကားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုရာတွင် “ကန်းပိုင်တီ”၊ “ကန်း=ခြောက်သွေ့ခြင်း၊ ပိုင်= ပျက်စီးခြင်း၊ တီ=နေရာ”ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသဖြင့် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း ပါ “ကံ=ကံကောင်းခြင်း၊ ပိုင်= ပြည်ထောင်စုကပိုင်ဆိုင်ခြင်း၊ တည်=တည်ငြိမ်ခြင်း၊ တည်တံ့ ခြင်း၊ တည်ရှိခြင်း”ဟူသော ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသည့် “ကံပိုင်တည်” ဟူသော အမည်ကို မြန်မာနိုင်ငံတစ်ဝန်းတစ်ပြေးညီသုံးစွဲနိုင်စေရန် အမည်ပြောင်းလဲ ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါအမည်ကို ပြောင်းလဲရန် မြို့နေပြည်သူလူထုများ၊ မြို့မိမြို့ဖများ၏ သဘောထားဖြင့် ကချင်အထူး ဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း က ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ သဘောထား ထောက်ခံချက်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကန်ပိုက်တီမြို့သည် ယခင်က ဝိုင်းမော်မြို့နယ်၊ ဝေါ့ချုံးကျေးရွာ အုပ်စုအတွင်းပါဝင်သော ကျေးရွာငယ်တစ်ခုဖြစ်ခဲ့ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၆၅၃၄ ပေတွင် တည်ရှိကာ မြို့ဧရိယာမှာ ၂၀၈ ဒသမ ၅၉ စတုရန်းမိုင် ကျယ်ဝန်းကြောင်း ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နယ်စပ်မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ “ကန်ပိုက်တီ”မြို့ကို ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ရပ်ကွက်သုံးရပ်ကွက်ဖြင့် ဖွဲ့စည်းခဲ့ပြီး မြို့တစ်မြို့၊ ရပ်ကွက် သုံးရပ်ကွက်၊ ကျေးရွာအုပ်စုသုံးအုပ်စု၊ ကျေးရွာ ၃၀ တို့ဖြင့် ကန်ပိုက်တီမြို့နယ်ခွဲအဖြစ် စတင်ဖွဲ့စည်းခဲ့ကြောင်း ကန်ပိုက်တီ နှင့်ပတ်သက်သော မှတ်တမ်းများတွင် ဖော်ပြထားသည်။

 

ယင်းအပြင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေ ပုဒ်မ ၅၁ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဖြစ်စေရန် မြို့နယ်ခွဲ စကားရပ်ကို ပယ်ဖျက်၍ ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ်၊ မေလ ၂၂ ရက်တွင် “မြို့”အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သဖြင့် “ကန်ပိုက်တီမြို့”အဖြစ်တည်ရှိလာခဲ့ခြင်း ဖြစ်သည်။

 

#ymg/ynzw #ကန်ပိုက်တီ#ကံပိုင်တည်#ဝိုင်းမော်
#YMG #Yangon_Media_Group