Published 20 Feb 2023

ဘဏ်စာရင်းများမှငွေများကို ဆက်သွယ်ရေးကွန်ရက်သုံးကာ နည်းပညာပိုင်းဖြင့် လိမ်လည်ထုတ်ယူမှုများ ကျူးလွန်ခဲ့တဲ့ နိုင်ဂျီးရီးယားနိုင်ငံသား (၅)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီ (၆)ရက်နှင့် (၉)ရက်နေ့တို့မှာ KBZ Bank Account တွေထဲက ငွေကြေးများ လိမ်လည်ထုတ်ယူသွားခဲ့တယ်လို့ လိမ်လည်ခံရသူ နှစ်ဦးက တိုင်ကြားခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေအမျိုးသမီး ၁ ဦးက ၎င်း၏ KBZ Bank Account အတွင်းမှ ငွေကျပ် ၁၀၂၀ သိန်းအားလည်းကောင်း၊ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကမာရွတ်မြို့နယ်နေ အမျိုးသမီး ၁ ဦးက ၎င်း၏ KBZ Bank Accountအတွင်းမှ ငွေကျပ် ၃၇၀ သိန်းအားလည်းကောင်း မသမာသူများက Online အသုံးပြု၍ လိမ်လည်ထုတ်ယူသွားကြောင်း အမှုများဖွင့်လှစ်တိုင်ကြားလာသဖြင့် သင်္ဃန်းကျွန်းမြို့ နယ်နှင့် မရမ်းကုန်းမြို့နယ်တို့ရှိ သက်ဆိုင်ရာရဲစခန်း အသီးသီးတွင် အမှုများဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ယင်းကဲ့သို့  Bank Account များအတွင်းမှ Online အသုံးပြုကာ ငွေကြေးလိမ်လည်လွှဲပြောင်းထုတ်ယူသူများအား ဖမ်းဆီးရမိနိုင်ရေး အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ သက်ဆိုင်ရာဘဏ်နှင့်ပူးပေါင်း၍ လိမ်လည်ရယူထားသော ငွေကြေးများစီးဆင်းသွားသည့် Bank Account များအားစုံစမ်းခြင်းနှင့် နည်းပညာဆိုင်ရာ အချက်အလက်များအား အခြေပြု၍ ဖော်ထုတ်ခဲ့တဲ့အတွက်  ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ငွေကြေးလိမ်လည်လွှဲပြောင်းရယူရာ၌အသုံးပြုသည့် Bank Account များအား ဖွင့်လှစ်ရောင်းချခဲ့တဲ့  တရားခံအမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၆ ဦးတို့အား ကနဦးဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ဖမ်းဆီးရမိသူ တရားခံ ၆ ဦးက သူတို့အနေနှင့်  Bank Account ဖွင့်လှစ်၍ Account တစ်ခုလျှင်ငွေတစ်သောင်းကျပ်ဖြင့် ငွေကြေးလိမ်လည်လွှဲပြောင်းသူများထံ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါထွက်ဆိုချက်ကြောင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်တွင် နိုင်ဂျီးရီးယားနိုင်ငံသားနှင့် ၎င်း၏ဇနီးဖြစ်သူ နိုင်ဂျီးရီးယားနိုင်ငံသူတို့ ၂ ဦးအား ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ နယ်၊ Star City အိမ်ရာအမှတ်(၁၈၀၂)၊တိုက်(C-4)တွင် ပြစ်မှုကျူးလွန်ရာ၌ အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများ၊ လိမ်လည်လွှဲပြောင်းထုတ်ယူရာမှရရှိခဲ့သည် ငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့  နိုင်ဂျီးရီးယားနိုင်ငံသားများ၏ ထွက်ဆိုချက်များအရ Bank Account များအတွင်းမှ ငွေကြေး လိမ်လည်လွှဲပြောင်းထုတ်ယူရာတွင် ပူးပေါင်းပါဝင်ကျူးလွန်သူများဖြစ်ကြသည့် အခြား နိုင်ဂျီးရီးယားနိုင်ငံသား ၃ ဦးတို့အား သန်လျင်မြို့ နယ်၊ Star City အိမ်ရာ၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီးဆက်စပ်တရားခံများအား ထပ်မံဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လိုအပ်သောစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူတရားခံများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံပြင်ပသို့ ရောက်ရှိနေသည့် ပူးပေါင်းပါဝင်ကျူးလွန်သူ တရားခံများကိုနိုင်ငံတကာရဲ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ တရားဥပဒေအရ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

-ymg/knl

#Myanmar

#Myanmar_Online_Banking_Fraud