#Local_News
Published-15_February-2023

 

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင်ရှိသော အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းကို ယခုဖေဖော်ဝါရီလကုန်တွင် ပုဂ္ဂလိကသို့လုပ်ငန်းအပ်နှံတော့မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန က သိရသည်။

 

ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ်(၁) တည်ဆောက်ရေးမှ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသော အဆိုပါ စီမံကိန်းဧရိယာအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အပ်ငွေလုပ်ငန်းစနစ်ဖြင့် တာဝန်ယူတည်ဆောက်ပေးနေသည့်ပင်မတမံ မြေကြီး၊ ကျောက်သားတူးဖော်ခြင်းလုပ်ငန်း၊ ရေလွှဲစနစ်လုပ်ငန်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် မြေကြီးကျောက်သား တူးဖော်ခြင်းလုပ်ငန်းနှင့် စီမံကိန်းအတွင်း အလယ်ပေါင်းလောင်းမြစ်ကူး တံတားတို့မှာ တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ယင်းပြီးစီးမှုများမှာ စီမံကိန်းတစ်ခုလုံး၏ ရှစ်ရာခိုင်နှုန်းခန့် ဖြစ်ပြီး အဆိုပါ ရှစ်ရာခိုင်နှုန်းခန့်ပြီးစီးပါက ကျန်လုပ်ငန်းများကို IPP/BOT စနစ်ဖြင့် Pan Theingi Energy Co.,Ltd. အနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် လုပ်ငန်းအပ်နှံရန် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

 

Pan Theingi Energy Co.,Ltd. အနေဖြင့် ယခုနှစ် ပွင့်လင်းရာသီလက်ကျန်ကာလအတွင်း ဆောင်ရွက်နိုင်မည့်လုပ်ငန်းများဖြစ်သည့် စီမံကိန်းချဉ်းကပ်လမ်း အဆင့်မြှင့်တင်ဖောက်လုပ်ခြင်းလုပ်ငန်း၊ ရေလွှဲရေထုတ်ပြွန် ဆက်လက်တည်ဆောက်ခြင်းလုပ်ငန်း၊ ပင်မတမံမြေကြီး၊ကျောက်သားတူးဖော်ခြင်းလုပ်ငန်းများ ကို အမြန်လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊လာမည့် ၂၀၂၆-၂၀၂၇ ခုနှစ်တွင် စတင် ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group