#LocalNews
Published_ 13 February 2023

 

အိန္ဒိယနိုင်ငံ၊ ဟာရီရာနပြည်နယ်၊ ဖရီဒါဘတ်မြို့၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်မှ ၁၉ ရက်အထိ Surajkund International Crafts Mela ကို အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့၏ စီစဉ်မှုဖြင့် ကျင်းပနေပါတယ်။

 

၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) Council of Head of State ၏ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်လျက်ရှိရာ၊ အိန္ဒိယနိုင်ငံပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေများနှင့် နိုင်ငံတကာမှ ယဉ်ကျေးမှု ရိုးရာ အနုပညာပစ္စည်းများ၊ ကုန်စည်များ မိတ်ဆက်ခင်းကျင်း ပြသရောင်းချသည့် အဆိုပါဈေးပွဲတော်သို့ SCO ၏ အဖွဲ့ဝင်၊ လေ့လာသူနှင့် ဆွေးနွေးဖက်နိုင်ငံများမှ ပါဝင်ဆင်နွှဲနိုင်ရေး ဖိတ်ခေါ်ခဲ့မှုအရ ယခုနှစ်တွင် SCO ဆွေးနွေးဖက်နိုင်ငံဖြစ်လာခဲ့သည့် မြန်မာနိုင်ငံကိုယ်စား နယူးဒေလီမြို့ရှိ မြန်မာသံရုံးမှလည်း ပထမဆုံးအကြိမ်အဖြစ် မြန်မာမှုပစ္စည်းများကို ပြခန်းတစ်ခန်း ပါဝင်ခင်းကျင်းပြသ ရောင်းချခဲ့ပါသည်။

 

ဖေဖော်ဝါရီ ၃ ရက်မှာ ကျင်းပတဲ့ Surajkund International Crafts Mela ဖွင့်ပွဲအခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ဒုတိယသမ္မတ H.E. Shri Jagdeep Dhankhar နှင့် ဇနီးတို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ယင်းအခမ်းအနားသို့ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ပါတယ်။

 

ထို့အပြင် သံအမတ်ကြီးသည် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ဟာရီရာန ပြည်နယ်ဝန်ကြီးချုပ် H.E. Shri Manohar Lal Khattar မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့လည်း တက်ရောက်ခဲ့ပါတယ်။

 

Surajkund International Crafts Mela တွင် နယူးဒေလီမြို့၊ မြန်မာသံရုံးမှ မြန်မာ့ရိုးရာအစားအစာ၊ ယဉ်ကျေးမှု ရိုးရာယွန်းထည်ပစ္စည်းများ၊ ကျောက်စိမ်းလက်ဝတ်ရတနာများ၊ သဲပန်းချီ၊ ပုသိမ်ထီး၊ သဘာဝဆိုးဆေး အသုံးပြုထားသည့် ချည်ထည်များနှင့် အသုံးအဆောင်ပစ္စည်းများအား ဖေဖော်ဝါရီ ၃ ရက် မှ ၆ ရက်အထိ ခင်းကျင်းပြသရောင်းချခဲ့ကြောင်း သတင်းရရှိပါတယ်။

#Yangon_Media_Group